ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လက လုပ်ငန်းချဲ့ထွင်တဲ့ အခါ ထည့်သွင်းစဉ်းစားသင့်တာတွေထဲက Material Management နဲ့ Man Management အကြောင်းကိုရေးခဲ့ပါတယ်။
ဒီလမှာ ငွေရေးကြေးရေးဆိုင်ရာစီမံခန့်ခွဲမှု (Financial Management) အကြောင်းကို ဆက်ရေးပါဦးမယ်။ ပြီးခဲ့တဲ့လကပြောခဲ့သလို သက်ဆိုင်ရာ လုပ်ငန်းအလိုက် လိုအပ်တဲ့ပစ္စည်းပစ္စယတွေကိုဝယ်ယူတဲ့ အခါ ငွေရေးကြေးရေးစိုက်ထုတ်ကျခံမှုတစ်နည်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုငွေ (Capital) ကို ရုံးချုပ်ကကျခံပါတယ်။ တစ်နှစ်တာလုံးအတွက်ဆိုကြပါစို့ ဘတ်ဂျက်ရာထားငွေ သိန်းငါးရာလျာထားတယ်ဆိုရင် လျာထားတဲ့ အတိုင်း ငွေသားကတကယ်ရှိနေတယ်ဆိုရင်တော့ စာရင်းဇယားပိုင်းမှာ သိပ်ပြီးတော့ပြဿနာမရှိပါ။ ဒါပေမဲ့ ဖြစ်တတ်တာက လုပ်ငန်းငယ်တွေမှာ လျာထားဘတ်ဂျက်ငွေက တကယ်ငွေသားမရှိဘဲ လျာထားပဲရှိမယ်။ ရတဲ့ ဝင်ငွေက ပြန်သုံးမယ်ဆိုရင် စာရင်းဇယားပိုင်းမှာ နိုင်နင်းဖို့လိုလာပါပြီ။
ရုံးချုပ်နဲ့လုပ်ငန်းခွဲတွေ စာရင်းဇယားပိုင်းဆိုင်ရာကိုက်ညီဖို့လိုပါတယ်။ ဒါမှ သာ နှစ်ကုန်ရင်တစ်နှစ်တာအတွက် ငွေစာရင်း ရှင်းတမ်းထွက်လာ ပြီးတော့ အရှုံးအမြတ်ကိုသိနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဝင်လာ တဲ့ပိုက်ဆံကိုလိုတဲ့အချိန်မှာပြန်သုံး ကျန်တာကအမြတ်လို့ လွယ်လွယ် တွက်တတ်ကြပါတယ်။ တကယ်လို့ ငွေသားမကျန်ရင်တောင်မှ လုပ်ငန်း လည်ပတ်နေရင် ပစ္စည်းတွေက အမြတ်လို့တွက်တတ်ကြပါသေးတယ်။ ဒါက မိသားစုလုပ်ငန်းအနေနဲ့ဆိုရင် ရတယ်ဆိုပေမဲ့တစ်ပိုင်တစ်နိုင် လုပ်ငန်းကနေ လုပ်ငန်းချဲ့ထွင်လာတဲ့အခါ လုပ်ငန်းတစ်ခုချင်းစီရဲ့ရငွေ (Income)၊ သုံးငွေ (Expense) အရှုံး၊ အမြတ် (Profit & Loss) စတာတွေ ကိုတိတိကျကျသိမှသာ နောက်တစ်နှစ်စာအတွက် ဘတ်ဂျက်ဆွဲလို့ရပါ မယ်။ Marketing Promotion တွေကို အမြတ်ငွေရဲ့ဘယ်လောက်ရာ ခိုင်နှုန်းသုံးမယ်စသဖြင့် တွက်ချက်လို့ရပါမယ်။
လုပ်ငန်းစတင်တဲ့အချိန်မှာ အခန်းငှားခနဲ့ပစ္စည်းပစ္စယတွေက ငွေကိုအလုံး အရင်းနဲ့ကုန်စေပါတယ်။ အဲဒီလို ပထမလပိုင်းတွေမှာ အလုံးအရင်းနဲ့ကုန် သွားတဲ့ငွေတွေကို Expense အနေနဲ့ထားလိုက်မယ်ဆိုရင် လုပ်ငန်း ကသေချာပေါက်အရှုံးပေါ်နေပါလိမ့်မယ်။ ဒါကြောင့် စာရင်းဇယားကိုပုံစံချ ထားဖို့လိုပါတယ်။ ကျွန်တော့် ရဲ့သင်တန်းအနေနဲ့ပဲဥပမာပေးမယ်ဆိုရင် ကျွန်တော်က သင်တန်းဖြစ်တဲ့အတွက် ဝင်ငွေ (Income) မှ မရှုပ်ပါဘူး။ လအလိုက်သင် တန်းသား/သူအရေအတွက်နဲ့ သင်တန်းကြေးကို မြှောက် လိုက်ရင် တစ်လချင်းရဲ့ဝင်ငွေ (Income) ရလာပါတယ်။ သုံးငွေ (Expense) မှာတော့ခေါင်းစဉ်တွေကွဲလာပါပြီ။ လအလိုက်မဖြစ်မနေ သုံးရမယ့် အခန်းငှားခ (Rental Fee)၊ ဝန်ထမ်းလစာ (Salary)၊ သင် တန်းသား/သူတွေကိုပေးတဲ့စာအုပ်၊ ဘောပင်၊ ဗလာစာအုပ်၊ အိတ်စတဲ့ ပစ္စည်းပစ္စယစရိတ် (Material Cost)၊ ကြော်ငြာခအပါအဝင် မားကက် တင်းအတွက် ကုန်ကျစရိတ်၊ ရေဖိုး၊ မီတာခ၊ သန်ရှင်းရေးခ၊ ရပ်ကွက်ထဲ အလှူခံထည့်တာအပါအဝင် သာရေးနာရေးအသုံးစရိတ် စတဲ့အထွေထွေ အသုံးစရိတ် (General Cost) အားလုံးကိုပေါင်းရပါမယ်။ အဲဒါတွေအပြင် လုပ်ငန်း စတင်တဲ့လမှာဝယ်ထားတဲ့ ပရိဘောဂပစ္စည်း၊ လုပ်ငန်းအလိုက်၊ လိုအပ်ချက်အလိုက်ကွန်ပျူတာ၊ မိတ္တူကူး စက်စတဲ့ပစ္စည်းတွေ၊ အခန်းပြင် ဆင်စရိတ်တွေအားလုံးကို ပေါင်းပြီး တန်ဖိုးလျှော့တန်ဖိုး (Depreciation Cost) အဖြစ်သတ် မှတ်ဖို့လိုပါတယ်။ တကယ်တမ်း တိတိကျကျလုပ်မယ် ဆိုရင်တော့ ဖုန်းဟန်းဆက်ဆိုရင် ဘယ်နှနှစ်၊ ကွန်ပျူတာဆို ဘယ်နှနှစ်၊ စားပွဲဆို ဘယ်နှနှစ်ဆိုပြီးတော့ ပစ္စည်းရဲ့ခန့်မှန်းသက်တမ်းအပေါ် မူတည် ပြီးတော့ တစ်ခုချင်းကို တန်ဖိုးလျှော့ပါတယ်။ ကျွန်တော်ကတော့ လုပ်ငန်း ငယ်ဖြစ်တဲ့အတွက် ခုနကပြောခဲ့တဲ့ အခန်းပြင်ဆင်စရိတ်တွေ ပုံသေပိုင် ပစ္စည်းတန်ဖိုးတွေကိုအားလုံးပေါင်းပြီး နှစ်နှစ်ပဲထားပြီးတော့ ၂၄ နဲ့စား လိုက်ပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်က တစ်လကို လေး သိန်းကျော်ဖြစ်ပါမယ်။ အဲဒါတွေ အားလုံးပေါင်းလိုက်မှ တစ်လအတွက် စုစုပေါင်းကုန်ကျစရိတ်ဖြစ်ပါတယ်။
ဥပမာ- အခန်းငှားရမ်းခ ငါးသိန်း၊ ဝန်ထမ်းလစာ ၆၅၀,၀၀၀၊ ကြော်ငြာ စရိတ် သုံးသိန်း၊ ပစ္စည်းစရိတ်ငါးသိန်း၊ အထွေထွေ နှစ်သိန်း၊ တန်ဖိုးလျှော့ ၄၅၀,၀၀၀၊ စုစုပေါင်း ၂,၆၀၀,၀၀၀။ တစ်လအတွက် ကုန်ကျစရိတ်ဟာ ၂၆ သိန်းရှိပါတယ်။ ဒါဆိုရင် ၂၆ သိန်းရမှ အရင်းပါ၊ ၂၆ သိန်းထက်ပိုမှ အမြတ် ရပါမယ်။ အဲဒီမှာ Marketing Team ကလုပ်ရမယ့် Sale Target ဆိုတာ လာပါပြီ။ ကျွန်တော်က သင်တန်းဖြစ်တဲ့အတွက် သင်တန်းသား/သူ တစ်ယောက်ကို သုံးလအတွက်မှ လေးသောင်းပဲယူထားတဲ့အတွက် ဆိုပါတော့ သင်တန်းသား/သူတစ်ယောက်အတွက် တစ်လဝင်ငွေက ၁၂,၅၀၀ ဆိုရင် သင်တန်းသား/သူပေါင်း ၂၁၀ ရှိမှ အရင်းပဲရှိပါသေး တယ်။
ဒါဆိုရင် Marketing Teamက လစဉ်သင်တန်းသား/သူ ၂၁၀ ကျော် လွန်အောင် အစီအစဉ်လုပ်ရပါမယ်။ ဒါ့ပြင် ရှေ့က ဆောင်းပါးမှာပြောခဲ့ သလိုပဲ ဝန်ထမ်းတွေက သင်တန်းသား/သူတွေကို စိတ်ကျေနပ်အောင် ဆက်ဆံရမှာဖြစ်သလို သင်ကြားရေး ဆရာ/ဆရာမတွေကလည်း ကျွမ်း ကျင်တတ်မြောက်အောင်လုပ်ရပါမယ်။ ဒါမှသာ အစဉ်တည်မြဲနေပါလိမ့် မယ်။ အဲဒီလိုမှမဟုတ် ရင်တော့ Marketing Team က ကြော်ငြာတွေ ပွဲတွေနဲ့ ဘယ်လိုပဲဆွဲဆောင်ဆွဲဆောင် စာသင်ခန်းမှာသင်တန်းသား/သူ မမြဲတဲ့အခြေအနေကို ကြုံတွေ့နိုင်ပါတယ်။ ဒါဆိုရင်သေချာပါတယ်။ လုပ်ငန်းကအရှုံးပြပါလိမ့်မယ်။ ကုန်ပစ္စည်းထုတ်လုပ်တယ်ဆိုရင်လည်း ကုန် ပစ္စည်းတစ်ခုက တစ်ရာမြတ်တယ်ဆိုရင် လုပ်ငန်းရဲ့တစ်လအတွက် စုစုပေါင်းကုန်ကျစရိတ်ကို ကုန်ပစ္စည်းတစ်ခုရဲ့အမြတ်ငွေတစ်ရာနဲ့စားပြီး Sale Target ကိုသတ်မှတ်ပါတယ်။ အရှုံးအမြတ် (Profit & Loss) ကို တိတိကျကျသိမှမြတ်တယ်ဆိုရင်လည်း တစ်လအတွက် အမြတ်ငွေ ဘယ်လောက်၊ အဲဒီအထဲက မားကက်တင်းအတွက် ဘယ်လောက် သုံး မယ်၊ Facility ပိုင်းအတွက် ဘယ်လောက်ထပ်သုံးမယ် စသဖြင့် သတ်မှတ် လို့ရပါမယ်။
လုပ်ငန်းခွဲတွေနဲ့ချဲ့ထွင်တဲ့အခါ စာရင်းသဘောတရား အရဝင်ငွေ (Income) မှာ ရောင်းရငွေအပြင် အခြားဝင်ငွေတွေရှိပါ သေးတယ်။ ဆိုလို တာက ရုံးချုပ်ကရုံးခွဲအတွက် လိုအပ်တဲ့ပစ္စည်းပစ္စယတွေကိုဝယ်ပေးလိုက် တယ်။ အဲဒီအတွက် ရုံးချုပ်မှာအသုံးစရိတ် (Expense) ပြပါမယ်။ ရုံးချုပ်က ဝယ်ပေးတဲ့ပစ္စည်းကိုတန်ဖိုးအလိုက်ရုံးခွဲရဲ့ဘတ်ဂျက်က ရုံးချုပ်ကိုပြန်သွင်း ပါမယ်။ အဲဒါဆိုရင် ရုံးချုပ်မှာ ဝင်ငွေ (Income) ပြန်ပြပြီးတော့ ရုံးခွဲမှာ အသုံးစရိတ် (Expense) ပြန်ဖြစ်ပါတယ်။ အဲဒါတွေက အထက်မှာပြော ခဲ့သလို သက်ဆိုင်ရာ လုပ်ငန်းအလိုက် ဘတ်ဂျက်ကို ငွေသားရှိနေတယ် ဆိုရင် တစ်ခုခုဝယ်တိုင်းသုံးတိုင်းမှာ ငွေသားကိုတိုက်ရိုက်သုံးလိုက်တဲ့ အတွက် စာရင်း ဇယားပိုင်းမှာသိပ်မရှုပ်ပေမဲ့ ဘတ်ဂျက်ကိုလျာထားပဲ ထားပြီးတော့ ဝင်ငွေနဲ့ပြန်ပြန်သုံးမယ်ဆိုရင် ပေးရန်ရှိ (Credit)၊ ရရန်ရှိ (Debit) တွေကိုစနစ်တကျစာရင်း ဖော်ထားဖို့လိုပါတယ်။
လုပ်ငန်းငယ်တချို့မှာ စာရင်းဇယားကို စနစ်တကျပုံစံနဲ့ လုပ်တာထက်သုံး တဲ့ငွေကို မှတ်တာ၊ ဝင်ငွေကိုမှတ်တာလောက်ပဲ လုပ်ကြတဲ့အခါ တစ်ခုခု လုပ်မယ်ဆိုရင် လက်ထဲပိုက်ဆံရှိရင် လုပ်လိုက်၊ မရှိသေးရင် ငြိမ်နေလိုက် ဆိုတဲ့ပုံစံမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစောပိုင်းဆောင်းပါးတွေ မှာပြောခဲ့သလို လုပ်ငန်းရှင်က စာရင်းဇယားသဘောတရားတွေ နားလည် ဖို့လိုပါတယ်။ စာရင်း ကိုင်တစ်ယောက် သတ်သတ်ခန့်ထားတယ် ဆိုရင်တောင် ကိုယ်ကသဘောတရားတွေသိထားတာ ပိုကောင်းပါတယ်။ တကယ်လို့ ကိုယ်ကစာရင်းဇယားတွေကို Format ကျအောင်မလုပ်တတ် ရင် စနစ်တကျပုံစံဝင်အောင် ဝန်ဆောင်မှုပေးတဲ့ Financial Farm တွေရှိ ပါတယ်။ ပုံစံရသွားပြီဆိုမှ ကိုယ်ကနောက်ကလိုက်လုပ်လည်းရပါတယ်။ လုပ်ငန်းကကြီးသထက်ကြီးလာရင်တော့ လုပ်ငန်းခွဲတစ် ခုချင်းစီ မဟုတ်တောင် ရုံးချုပ်နဲ့လိုအပ်တဲ့ရုံးခွဲတွေမှာ Accountant တွေ၊ Chief Financial Officer တွေ ခန့်ထားဖို့လိုပါတယ်။ ငွေရေးကြေးရေးဆိုင်ရာ စာရင်းဇယားတွေပိုင်ပိုင်နိုင်နိုင်ရှိမှသာ လုပ်ငန်းအတွက်လိုအပ်တာတွေ၊ လုပ်ငန်းချဲ့ထွင်တာတွေအားလုံးကို လုပ်လို့ရမှာဖြစ်ပါတယ်။
လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျစတင်ပြီး ကြီးပွားအောင်မြင် ကြပါစေ။
ရေးသူ – အောင်ကိုဦး (UMK)
Leave a comment