ကိုယ်တိုင်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေရော၊ တအားတော်တဲ့ လုပ်ဖော်ကိုင်ဖက် မန်နေဂျာများဆီကနေ လေ့လာလို့ ရတာတွေရော ပေါင်းစပ်ပြီး ဒီပို့စ်လေး ရေးဖြစ်ပါတယ်။
၁။ အစိတ်အပိုင်းများကို တပ်ဆင်တတ်ခြင်း
နာမည်ကျော်နည်းပြကြီး ဖာဂူဆန်ရဲ့ အသုံးအနှုန်းပါ၊ Assembling the Pieces တဲ့။ အသင်းအဖွဲ့တစ်ခု လိုချင်တဲ့ပန်းတိုင်ဆီ အရောက်သွားနိုင်ဖို့ အရင်ဆုံး ကိုယ့်အသင်းအဖွဲ့ကို တည်ဆောက်ရပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက်ဟာ Personality မတူကြပါဘူး။ တချို့က Introvert ဖြစ်တယ်၊ အသေးစိတ်ကို အားသန်တယ်၊ သူ့ဆီက Report တွေ တက်လာရင် သိပ်စစ်စရာမလိုဘူး။ တချို့ကျ Extrovert ၊ ပြောရဆိုရမယ်ဆို အဆင်ပြေတယ်၊ အသေးစိတ်ဆို အလွဲလွဲအမှားမှား။ သူ့ကျ လူရှေ့ထွက်ရတဲ့ ပွဲတွေလိုမျိုးမှာ များများတာ၀န်ပေးရမယ်။
အတွေ့အကြုံအရ အားလုံးတစ်ပြေးညီ မျှမျှတတ လုပ်ကြရမယ်ဆိုတဲ့မူဟာ မထိရောက်သလို လုပ်နေရတဲ့ သူတွေမှာလည်း ဖိအားဖြစ်ပါတယ်။ ဒါကြောင့် လူအားလုံးဆီက တစ်ပြေးညီသော အရည်အသွေးမျိုးတွေ မျှော်လင့်နေတာထက် သူ့သက်ဆိုင်ရာ အရည်အသွေးအလိုက် အသုံးချနိုင်ဖို့ လိုတယ်။
လက်ချောင်း ငါးချောင်းတောင် မညီပါဘူး၊ သူ့တန်ဖိုးနဲ့သူ ရှိကြတာပဲ။ ကိုယ်က လက်ခလယ်က အရှည်ဆုံးမို့ လယ်ခလယ်ချည်း ငါးချောင်းစလုံးယူ မယ်ဆိုရင် စဉ်းစားကြည့်ပါ။ လက်သီးတင်း တင်းဆုပ်လို့ရမယ် မဟုတ်ပါဘူး။ ဒီလိုပဲ၊ Diverse ဖြစ်မနေတဲ့ အသင်းအဖွဲ့ တစ်ခုဟာ စုစည်းမှု၊ ထိရောက်မှုတွေမှာ အားနည်းနေတတ်ပါတယ်။
ဘယ်တော့မှ ရှိလာမှာ မဟုတ်တဲ့ အရည်အသွေးတွေကို ထည့်ဖို့ မကြိုးစားပါနဲ့၊ ရှိပြီးသားတွေထဲကနေပဲ အစွမ်းကုန် ညှစ်ထုတ်သုံးစွဲပါ။
၂။ ဂရုစိုက်တတ်ခြင်း
People do not care how much you know unti they know how much you care. တဲ့။
လူတွေဟာ သူတို့ကို ခင်ဗျားက ဂရုစိုက်ပါလားဆိုတာ မသိမချင်း ခင်ဗျားဘယ်လောက်သိသလဲ ဆိုတာကိုလည်း သူတို့ က ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
ကိုယ့်ကို ဂရုစိုက်တဲ့ ခေါင်းဆောင်နဲ့သာဆို လူတွေဟာ ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲခက်ခဲခက်ခဲ အတူသွားဖို့ အသင့် ဖြစ်နေတတ်ကြတယ်။ ဒီစကားကိုပဲ ဒီလူပြောတုန်းက အဆင်ပြေတယ်၊ နောက်လူကပြောတော့ မကြိုက်တော့ဘူး။ ဒီခရီးကိုပဲ ဒီလူနဲ့သွားတုန်းက မညည်းကြဘူး၊ နောက်လူနဲ့ကျတော့ ဝေးတယ်၊ မသွားချင်ဘူး ဖြစ်ကုန်တယ်။
ဘာလို့လဲ။ အဓိက, က ယုံကြည်မှုပါပဲ။ သူမလုပ်ရတိုင်း ခိုင်းနေတယ်ဆိုတာမျိုး မြင်နေရင် ဒါမျိုး Complaint တွေ တက်မယ်။ ငါတို့ကို ဂရုစိုက်တယ်လို့ သိထားကြရင်တော့ ခက်ခဲတဲ့နေရာဆို ကိုယ့်ကိုတောင်ထားခဲ့ပြီး သူတို့ပဲ သွားလိုက်မယ်ဆိုတာမျိုး လုပ်ကြလိမ့်မယ်။
ကိုယ့်မွေးနေ့ ကိုယ်မေ့နေတဲ့ အဖွဲ့သားတစ်ယောက်ကို Surprise လုပ်ပေးမယ်၊ နေမကောင်းတဲ့သူကို သတင်းမေးမယ်၊ ဒါတွေဟာ ဘာမှလည်း မပင်ပန်းသလို အထွေအထူး အားစိုက်ထုတ်စရာလည်း မလိုပါဘူး။ ဂရုစိုက်တတ်တဲ့ စိတ်လေးရှိဖို့သာ လိုတာပါ။
၃။ ခေါင်းဆောင်မှု ပေးနိုင်ခြင်း
ရာထူးနာမည်အရ မန်နေဂျာဆိုပေမယ့် ခေါင်းဆောင်မှုလည်း ပေးနိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်မှုဆိုတာ ဘာလဲအရှင်းဆုံးပြော ရရင်တော့ Influence ပါပဲ။
လွှမ်းမိုးနိုင်စွမ်း ဆိုတဲ့ကိစ္စကို စဉ်းစားတဲ့နေရာမှာ လူကောင်သေးတာ၊ အသက်ငယ်တာ၊ မိန်းကလေးဖြစ်တာ၊ ဒါတွေ မေ့လိုက်ပါ။ အဓိက,က Personal Power ရှိဖို့ပါပဲ။ ငါ မန်နေဂျာပဲဆိုတဲ့ Positional Power က ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ ဒီတော့ Personal Power ရှိအောင် ဘယ်လိုလုပ်မလဲ။ ရှေ့ဆောင်လမ်းပြ ဖြစ်ရမယ်။ စည်းကမ်းလိုက်နာရမယ်။ Knowledge, Skill သာရမယ်။ Attitude မှန်ရမယ်။ Pro ပီသရမယ်။ ပြောရဲဆိုရဲရမယ်၊ ဆုံးဖြတ်ရဲရမယ်။ ဒါတွေဟာ Personal Power ရရာရကြောင်း အရည်အသွေးတွေပါပဲ။
၄။ သတ္တိရှိခြင်း
ရုံးချုပ်ကနေ စစ်ဆေးရေးလာမယ်။ ဒီအခါ ဘာလုပ်မလဲ။ အပြကောင်းအောင် မိတ်ကပ်တွေ အတင်းမလိမ်းဘူး၊ ပုံမှန်လုပ်နေကျအတိုင်းပဲ လုပ်နေတယ်။ သူတို့ လာတယ်ဆိုတာ ပိုကောင်းအောင် လာလုပ်ပေးတာ၊ သူတို့ပြောသွားရင် ပြင်လို့ရတယ်။ မလှတာကို မိတ်ကပ်အတင်းလိမ်းထားရင် လာကြည့်သူ ဧည့်သည်က ဘာမှမမြင်တော့ ဘာမှပြောသွားလို့မရတော့ဘူး။ ဒီလိုခံယူ တတ်ကြတယ်။
ဒီအခါ ရုံးချုပ်ကလာမှာမို့ ဘာလုပ်ထား၊ ညာလုပ်ထားဆိုတဲ့ ဖိအားမျိုးတွေလည်း ဘယ်သူကမှ မခံစားရတော့ဘူး။ အဖွဲ့သားတွေလည်း ပျော်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်။ ဘယ်သူလာမှာမို့ ကြောက်နေရတယ်ဆိုတဲ့ ခံစားမှုက ပျောက်သွားတယ်။
နောက်တစ်ခု သတိထားမိတာက အဲ့လို ခံယူထားတတ်သူတွေဟာ ဘယ်တော့မှလည်း ဖြစ်ကတတ်ဆန်း လုပ်မထားတတ်တာပဲ။ အဲဒီလိုပဲ။ အပြောခံရမှာကို ကြောက်ပြီး မိတ်ကပ်လိမ်းဖို့ ကြိုးစားနေသူတွေဟာ ပုံမှန်မှာလည်း အလုပ်ကို သေချာလုပ်မနေကြတာ တွေ့ရတယ်။
Achievement နည်းတာလည်း ပြဿနာမရှိဘူး။ အဓိကက ကိုယ့်နေရာမှာ ဘယ်သူလာလုပ်လုပ်၊ ဒီထက် မများစေရဘူး ဆိုတာမျိုး ပြောနိုင်တဲ့အထိ ကြိုးစားထားဖို့ပဲ လိုတယ်။ ဘာကြောင့် နည်းသွားရတယ်ဆိုတဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိတယ်၊ ဒီအခက်အခဲကို ကျော်လွှားဖို့ ဘယ်လိုစီစဉ်ထားတယ်ဆိုတဲ့ Plan ရှိတယ်ဆိုရင် ဘယ်လောက်နည်းနေတဲ့ OutPut ပဲဖြစ်ဖြစ် ကြောက်နေရမှာ မဟုတ်ဘူး။ ဘယ်သူတွေ ကြောက်သလဲ ဆိုရင်တော့ လုံလောက်တဲ့ ကြိုးစားအားထုတ်မှု ရှိမထားတဲ့သူတွေပဲ ကြောက်ကြပါတယ်။
၅။ ဆက်သွယ်တတ်ခြင်း
Communication Skill လို့ ပြောလိုက်ရင် စကားပြောကောင်းတာချည်း ပြေးမြင်ကြပါတယ်။ အမှန်တော့ အဲ့ထက် ပိုပါတယ်။ လွယ်လွယ်လေးပဲ ပြောရရင်တော့ ကိုယ်ဆိုလိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောတတ်မယ်၊ တစ်ဖက်က ပြောလာတာတွေကိုလည်း နားထောင်တတ်မယ်ဆိုရင် အောင်မြင်တာပါပဲ။ နားထောင်တာပဲ ဘာခက်လို့လဲထင်မယ်။ မဟုတ်ပါဘူး၊ ခက်ပါတယ်။ ဒီနေ့ ဖြစ်နေတဲ့ ပြဿနာ တော်တော်များများဟာ နားမထောင်တတ်ကြလို့ ဖြစ်နေတာပါ။ ရေပါလာတာပဲ လိုချင်တယ်၊ ရေဘူးပေါက်တာ မကြားချင်ဘူးဆိုတဲ့ အမူအကျင့်မျိုးရှိသူဟာ စကားပြောဘယ်လောက်ကောင်းကောင်း၊ Communication Skill ညံ့တယ်ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
၆။ စုစည်းမှုပေးနိုင်ခြင်း
Team Work ဆိုတာ တစ်နဲ့ တစ်ပေါင်းလို့ နှစ်ထက်ပိုတာကိုခေါ်တာပါ။ ခေါင်းဆောင်ရဲ့ တာ၀န်ကတော့ သူ့ချည်းပဲ ရှိနေတဲ့ ‘တစ်’ ၂ ခုကိုပေါင်းပေးရမှာ ဖြစ်ပါတယ်။ ခရီးအတူထွက်ကြတာ၊ လစာထုတ်တဲ့ရက်ကို တစ်ဆိုင်ဆိုင်မှာ သွားစားကြတာတွေက အသင်းအဖွဲ့ရဲ့ရင်းနှီးမှု၊ နားလည်မှုကိုတက်စေပါတယ်။ ဒီအပိုင်းကို သိပ်အလေးထားတဲ့ မန်နေဂျာများဆို နေ့လယ်စာ ထမင်းစားချိန်တွေကို အိမ်ကို ပေးပြန်ပြီး မစားစေပါဘူး။ ဘယ်လောက်အိမ်နီးတဲ့သူဖြစ်ဖြစ် ရုံးကို ထမင်းချိုင့် သယ်လာခိုင်းတယ်။ အတူတူ စုစားတယ်။ စကားတပြောပြောနဲ့ သူ့ဟင်းကိုယ်ယူ၊ ကိုယ်ဟင်းသူနှိုက်စားကြတယ်။ ဒါသည်လည်း အသင်းအဖွဲ့ကို စုစည်းမှု၊ နားလည်မှု၊ ရင်းနှီးမှုရှိစေတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။
၇။ ပြတ်သားမှု ရှိခြင်း
မန်နေဂျာတစ်ယောက် မအောင်မြင်ရခြင်း အကြောင်းရင်းတွေထဲမှာ လူမုန်းမခံလိုခြင်းကလည်း ထိပ်ဆုံးက ပါတယ်။ ဒီနေရာ ရောက်လာရင်တော့ ပြောစရာရှိတာ ပြောကိုပြောရတော့မယ်။ အဖွဲ့သားတွေအပေါ် နားလည်မှုထားတယ်၊ ဂရုစိုက်တယ်ဆိုပေမယ့် သူတို့ ဘယ်လိုမှ လက်မခံနိုင်တဲ့အဆင့် ဆိုတာကို သတ်မှတ်ထားတတ်ကြတယ်၊ အဲ့ဒါကို လွန်လာရင်တော့ သည်းမခံတတ်ဘူး။ ပြတ်ပြတ်သားသား ပြောတတ်၊ လုပ်တတ်ကြတယ်။ Client ကို ကောင်းကောင်း မဆက်ဆံတာ၊ ရုံးချိန်ကို အကြောင်းကြားခြင်းမရှိဘဲ နောက်ကျတာ၊ ဆေးလိပ်၊ အရက်သောက်တာ၊ အလုပ်မလုပ်တာ စသဖြင့် ဘယ်လိုမှ လက်ခံပေးလို့ မရတဲ့ အနေအထားတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတယ်၊ ပြောလည်း ပြောပြထားတယ်၊ လုပ်လာရင်လည်း လက်ခံမပေးသလို၊ ပြောဖို့ကိုလည်း တွန့်ဆုတ်မနေဘူး။
တကယ်တော့ ဒါဟာလည်း အသင်းအဖွဲ့ကို စုစည်းစေပါတယ်။ စည်းကမ်းလျော့ရဲလွန်းရင် လုပ်ချင်ရာ လုပ်လာမယ်၊ တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးတွေ ထိုးကြတော့မယ်။ ရလဒ်တွေ ကျမယ်၊ စိတ်ဓာတ်တက်ကြွမှုတွေလည်း နည်းလာလိမ့်မယ်။
ကိုယ့်အလုပ်မှာ တော်တာ၊ Technical Skill ပြည့်၀တာ ကောင်းပါတယ်။ ဒါပေမဲ့ စီမံခန့်ခွဲမှု အရည်အသွေးတွေ ပါရှိထားရင်တော့ ကိုယ့်ရဲ့အစွမ်းအစတွေကို ဒီထက်ပို သုံးလို့ရလာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲက အမူအကျင့် ၇ ချက်ကတော့ တကယ့်အတွေ့အကြုံတွေအပေါ် အခြေခံပြီး ရေးထားတာဖြစ်လို့ ဖတ်ရသူအတွက် တစ်စုံတစ်ရာ အကျိုးရှိမယ် မျှော်လင့်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၄.၁.၂၀၁၆
Leave a comment