တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော့အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို အမေကပွတ်သပ်ပေးရင်း “သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ” လို့သူ့ကို နှစ်သိမ့်ခဲ့တယ်။
အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီးအလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီးအလုပ်ထုတ်ခံလိုက်ရပြန်တယ်။ “မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်းနှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ဖြစ်လိမ့်မယ်” လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။
အလုပ်ပေါင်းစုံသူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့်အားပေးခဲ့တယ်။
သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအနားမကြားကျောင်းမှာ ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက်ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေသုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့သူဌေးတစ်ဦး ဖြစ်ခဲ့ပါပြီ။
တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးကအိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။ အဲတာက သူကျရှုံးနေတဲ့အချိန်၊အနာဂတ်တွေ မဲမှောင်နေတဲ့အချိန်၊ ရှေ့ဆက်ဖို့ လမ်းတွေ ပျောက်နေတဲ့အချိန်မှာအမေက ဘာအကြောင်းကြောင့် သူ့အပေါ် ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။
အမေရဲ့အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. ” မြေတစ်ကွက်မှာ ဂျုံစိုက်လို့မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ မဖြစ်ထွန်းရင် နေကြာစိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင်တစ်ခြားအပင်ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။ မြေတစ်ကွက်အတွက်သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာအောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်”
အမေ့ရဲ့စကားကိုကြားတော့ သူငိုမိတယ်။
မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့ အားပေးမှုတွေကမျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်းသူနားလည်လိုက်တယ်။
မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ရှိပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင်လှပတဲ့အပွင့်နဲ့ ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက် ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့နေရာမှာ ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကိုဖူးပွင့်ကြရအောင်။
Leave a comment