ဗုဒ္ဓဘာသာမှာ ပုညကြိယာ ၁၀ ပါး ဆိုတာ ရှိပါတယ်။ နေ့စဉ်ပြုလုပ်အပ်သော အလုပ် ၁၀ ခုလို့ အဓိပ္ပါယ် ရတယ်။ အဲဒါတွေကို ဗုဒ္ဓဘာသာဝင်တွေတင်မက ဘယ်သူမဆို ဖတ်လို့ရအောင် ရေးချင်ပါတယ်။
၁။ ဒါန
လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဒါကတော့ ဘယ်သူမဆို လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်း သိကြတယ်။ သို့သော် နောင်ဘ၀ အကျိုးပြန်ရဖို့ ဆိုတဲ့ အတ္တအခြေပြု လှူတန်းခြင်းထက် မေတ္တာ၊ ကရုဏာကို အခြေခံပြီး လှူတာ ပိုကောင်းတယ် ဆိုတာလေးတော့ သိစေချင်ပါတယ်။ ခုဆို စစ်ဘေးရှောင်တွေ၊ ဒုက္ခဆင်းရဲရောက်နေတဲ့ ပြည်သူတွေက အနှံ့အပြားမို့လား။ သူတို့တွေကို လှူပါ။ ပေးကမ်းပါ။ အဆင်ပြေသွားပါစေ ဆိုတဲ့ မေတ္တာစိတ်ကလေးကို မွေးမြူပါ။
နေ့တိုင်း ငွေလှူနေနိုင်ဖို့ဆိုတာတော့ မလွယ်ပါဘူး။ သို့သော် ဘတ်စ်ကားပေါ်မှာ အသက်ကြီးတဲ့ လူတစ်ယောက်ကို ထိုင်ခုံဖယ်ပေးလိုက်တာသည် နေရာလှူဒါန်းခြင်း ဖြစ်ပါတယ်။ လမ်းမသိလို့ လာမေးတဲ့သူကို စိတ်ရှည်လက်ရှည် ဖြေပေးလိုက်တာလည်း လှူဒါန်းခြင်းပါပဲ။ ထီးမပါတဲ့သူနဲ့ ကိုယ့်ထီးကို အတူပေးဆောင်းတာသည်လည်း အရိပ်အမိုးကို လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။
၂။ သီလ
သီလဆိုတာ ကိုယ့်ကြောင့် သူတစ်ပါးကို မထိခိုက်အောင် စောင့်ထိန်းခြင်းပါ။ ကိုယ်ချင်းစာတရားကို အခြေခံပြီး ကျင့်ကြံနေထိုင်ဖို့ လိုပါတယ်။ ၅ ပါးသီလအပြင် ဆေးလိပ်မသောက်တတ်သူရဲ့ အနားမှာ ဆေးလိပ် မသောက်တာဟာလည်း သီလပါပဲ။ လူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက်နေချိန်မှာ ပျော်နေတဲ့ပုံတွေ မတင်တာဟာလည်း သီလပါပဲ။ ရုံးမှာ ကိုယ်လုပ်ပေးရမဲ့ အလုပ်တွေကို အချိန်မီ ပြီးစီးအောင် လုပ်ပေးခြင်းဖြင့် လုပ်ဖော်ကိုင်ဖက်တွေကို စိတ်အနှောင့်အယှက် မဖြစ်စေတာ၊ ဝန်မပိုစေတာဟာလည်း သီလပါပဲ။
လူဆိုတာ မကောင်းတာ မလုပ်မိဖို့ လိုသလို၊ ကောင်းတာတွေလည်း လုပ်ရပါမယ်။ မဟုတ်တာ လုပ်မိရင် အပြစ်ဖြစ်သလို၊ ဟုတ်တာတွေ လုပ်ဖို့ ပျက်ကွက်ရင်လည်း အပြစ်ဖြစ်ပါတယ်။
၃။ ဘာဝနာ
တစ်နေ့ကို ၁၅ မိနစ်လောက်တော့ အချိန်ပေးပြီး Meditation လုပ်ပါ။ ရွေးစရာ နည်းတွေ အများကြီး ရှိပါတယ်။ ဒီလောက် စိတ်ပင်ပန်းစရာတွေ များတဲ့ခေတ်ကြီးမှာ တရားထိုင်ခြင်းဟာ မဖြစ်မနေ လုပ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပါပြီ။
၄။ အရိုအသေပေးခြင်း
ငယ်ငယ်ကတော့ ကိုယ့်ထက် အသက်ကြီး၊ ဝါကြီး၊ ဂုဏ်ကြီးတဲ့သူကိုမှ အရိုအသေ ပေးရမယ်လို့ နားလည်ခဲ့တယ်။ တကယ်တော့ Respect ဆိုတာ လူတိုင်းနဲ့ ဆိုင်ပါတယ်။ လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ ဥပမာ ကိုယ်က ဒီရုံးမှာ အကြီးအကဲ ဖြစ်နေလည်း သန့်ရှင်းရေးဝန်ထမ်းကို လေးလေးစားစား ဆက်ဆံဖို့ လိုပါတယ်။ ဝင်ငွေရှာနေတဲ့ အိမ်ထောင်ဦးစီးကလည်း အိမ်မှုကိစ္စ လုပ်နေတဲ့ သူ့အမျိုးသမီးအပေါ် လေးစားဖို့ လိုပါတယ်။ ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ ကိုယ့်ရဲ့ ရာထူး၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ချမ်းသာ စတာတွေအပေါ် မာန်တက်မနေဘဲ လူတိုင်းကို လေးစားမှုထားတာ အကောင်းဆုံးပါပဲ။
၅။ ဝေယျာဝစ္စ
Act of service လို့ နားလည်နိုင်ပါတယ်။ သူတစ်ပါးအတွက် တစ်ခုခု လုပ်ပေးတာပေါ့။ ဘာသာရေးအရဆို ဘုရားကျောင်းဆောင် သန့်ရှင်းတာ၊ ဘုန်းကြီးကျောင်းမှာ တံမြက်စည်းလှည်းပေးတာမျိုးကနေစလို့ ကိုယ့်မိဘအတွက် ဆေးဝယ်ပေးတာ၊ စားစရာဝယ်ပေးတာ၊ အိမ်အလုပ် ဝိုင်းကူတာအလယ်၊ လမ်းမှာ တွေ့တဲ့ သူစိမ်းတစ်ယောက်ကို ကူညီပေးတာအဆုံး အကြုံးဝင်ပါတယ်။
၆-၇။ အမျှဝေခြင်း၊ သာဓုခေါ်ခြင်း
ဆက်စပ်နေလို့ တွဲပြောလိုက်တာပါ။ ဘာသာရေးအလုပ်တွေ ဖြစ်ပါတယ်။ အားလုံးနဲ့ ဆီလျော်အောင် ပြောရရင် အမျှဝေတယ်ဆိုတာ ကိုယ်လုပ်လိုက်တဲ့ ကောင်းမှုတစ်ခုခုကို မျှဝေတာပါ။ အဲ့တော့ ဒီနေ့မှာ ကိုယ်တော့ဖြင့် ဘာလေး လုပ်ဖြစ်ခဲ့တယ် ဆိုတာမျိုး၊ ဘယ်နေရာမှာ လှူခဲ့တယ် ဆိုတာမျိုး မျှဝေမယ်ဆို ဒါကို ဖတ်မိတဲ့ သူငယ်ချင်းတွေက လိုက်လုပ်ချင်စိတ်တွေ ပေါ်လာမယ်၊ သူတို့လည်း အဲ့နေရာမှာ လိုက်လှူမယ် ဆိုတာမျိုး ဖြစ်လာမယ်။ ကိုယ်လုပ်ခဲ့တာတွေကို ကြွားတာ မဟုတ်ဘဲ အများလည်း လိုက်လုပ်ချင်စိတ် ဖြစ်အောင် မျှဝေတာမျိုးကို ဆိုလိုပါတယ်။
သာဓုခေါ်တယ်ဆိုတာကတော့ ကောင်းလေစွ လို့ ချီးကျူးတာပါ။ အဲ့တော့ လူတစ်ယောက်ယောက်က ကောင်းတာ လုပ်တယ်၊ ကိုယ့်ကို ကူညီပေးလိုက်တယ်ဆို စိတ်ထဲကနေ နှစ်နှစ်ကာကာနဲ့ကို ချီးကျူးပေးပါ။ ထုတ်ဖော်ဂုဏ်ပြုပေးပါ။
၈-၉။ တရားနာခြင်း၊ တရားဟောခြင်း
ဒါကလည်း နောက်တစ်တွဲပါ။ ဘာသာရေးနဲ့ ပတ်သက်လို့ တရားနာမယ်၊ ဘုရားကျောင်းသွားမယ်၊ ကျမ်းစာဖတ်မယ်။ ဒါမှမဟုတ် ကိုယ့်စိတ်ကို ကြည်လင်စေမဲ့ အကြောင်းအရာလေးတွေ ဖတ်ရှုမယ်။ လေ့လာမယ်။ သင်ယူမယ်။
တစ်ဖက်ကလည်း ဘာသာရေးမှာ ကိုယ်နာယူထားတာတွေကို အချင်းချင်း တစ်ဆင့်ပြန်ပြောမယ်။ မျှဝေမယ်။ ဘာသာရေးနဲ့ မဆက်စပ်ဘူးဆိုရင်လည်း လူအများရဲ့ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို အထောက်အကူ ဖြစ်စေမဲ့ ပို့စ်လေးတွေ ရေးတာ၊ Share ပေးတာတွေလည်း လုပ်လို့ ရပါတယ်။
၁၀။ အယူမှန်ခြင်း
အယူဆိုတဲ့ ဒိဌိကတော့ ဘာသာရေး တစ်ခုနဲ့တစ်ခု တူနိုင်မယ် မထင်ပါဘူး။ သို့သော် ဘုံတူညီချက်အနေနဲ့တော့ ကံ၊ ကံ၏ အကျိုးကိုလည်း မယုံ၊ ဘုရားသခင်ကိုလည်း မယုံ၊ လက်ရှိဘဝမှာ ဂုဏ်သိက္ခာရှိရှိ နေဖို့လည်း စိတ်ကူးမရှိဘဲ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်နဲ့ ကိုယ်ကောင်းစားရေး၊ ကိုယ့်မိသားစု ကြီးပွားရေးအတွက် ဘယ်လိုအလုပ်မျိုးကိုမဆို အရှက်အကြောက်မရှိ လုပ်ရဲတယ် ဆိုတာမျိုးကတော့ ဘယ်သူ့အတွက်မဆို လွဲမှားတဲ့ အယူ ဖြစ်နေမယ် ထင်ပါတယ်။ အဲ့လိုစိတ်မျိုး ကိုယ့်မှာ ရှိမရှိ နေ့တိုင်းဆင်ခြင်သုံးသပ်ပါ။
ဓမ္မနဲ့ အဓမ္မကို ပိုင်းခြားသိမယ်။ မှန်တဲ့ဘက်က ရပ်တည်မယ်။ ကိုယ်ချင်းစာတရာ ထားမယ်။ ရှက်သင့်တာကို ရှက်ပြီး ကြောက်သင့်တာကို ကြောက်မယ်။ မဟုတ်တာ လုပ်မိပြီးရင် နောင်တရတတ်မယ်။ ဝန်ခံရဲမယ်။ ထပ်မဖြစ်အောင် ဆင်ခြင်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေကိုလည်း လုပ်မယ်။ ဒါဆို ကိုယ်ဟာ ဘယ်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ ဘယ်ဘာသာကိုမှ မကိုးကွယ်သည်ဖြစ်စေ၊ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်နေမှာ အသေအချာပါပဲ။
ဒါကြောင့် တစ်နေ့တစ်နေ့ အကျိုးရှိရှိ ကုန်ဆုံးခဲ့သလား မကုန်ဆုံးခဲ့ဘူးလား ဆိုတာကို ဒီ ၁၀ ချက်နဲ့ တိုင်းတာကြည့်ပါ။ အကုန်လုံး မဟုတ်တောင် ဒီထဲက အချက်တော်တော်များများ နေ့စဉ်နေ့တိုင်း လုပ်ဖြစ်နေအောင် ကြိုးစားပါ။ ကိုယ်တိုင်လည်း လုပ်ပါ။ အများကိုလည်း မျှဝေပါ။
ဒေါက်တာ ဖြိုးသီဟ
၁၀.၅.၂၀၂၂
Leave a comment