ဘဝဆိုတာက ပင်ကိုယ်အားဖြင့် ရိုးရှင်းပါတယ်။ ဒါပေမယ့် ရှုပ်ထွေးပွေလီအောင် လုပ်နေတာက သင်ကိုယ်တိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ခဏလောက် ရပ်တန့်ပြီး သင့်ဘဝကို ဘယ်လိုအကြောင်းအရာတွေနဲ့ ရှုပ်ထွေးအောင်လုပ်နေမိလဲဆိုတာ စဉ်းစားသုံးသပ်ပြီး ပြန်လည်ရှင်းလင်းအောင်လုပ်ပေးသင့်ပါတယ်။
သင့်ဘဝကို ရှုပ်ထွေးအောင်လုပ်နေမိတဲ့ အကြောင်းရင်းတွေကတော့ –
လုပ်သင့်တာထက် ပိုလုပ်နေကြတာ
ကျွန်တော်တို့ အားလုံးရဲ့ တစ်နေ့တာမှာ ကိုယ်တိုင်လုပ်ဆောင်ရမယ့် အလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ကိုယ်စီကိုယ်ငှရှိတတ်ကြပါတယ်။ ဒါတွေအပြင် အခြားသူတွေရဲ့ အလုပ်တွေကိုလည်း အားနာစိတ်နဲ့ လက်ခံလုပ်ဆောင်နေတတ်ကြပါတယ်။ လူတွေကို ကူညီတာက ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အလုပ်တွေ မပြီးသေးပဲ အခြားသူတွေရဲ့အလုပ်ကို ဦးစားပေးလိုက်တာကတော့ သင့်ဘဝကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ပိုင်အလုပ်တွေကို ကိစ္စတွေကို ဦးစားပေးပါ။ အချိန်ပိုမှ အခြားသူအတွက် ကူညီပေးပါ
အချိန်တိုင်း ပူပန်သောကရောက်နေတာ
အချိန်တိုင်း တစ်ခုမဟုတ်တစ်ခုကို စိုးရိမ်ပူပန်နေတာက သင့်စိတ်ကို ဖိစီးစေရုံသာမက စိတ်ခွန်အားတွေကိုလည်း မလိုအပ်ပဲ ပြုန်းတီးသွားစေနိုင်ပါတယ်။ မလိုအပ်ပဲ စိုးရိမ်ပူပန်နေတာ၊ အလွန်အကျွံ တွေးတောနေတာတွေက သင့်ဘဝကို ရှုပ်ထွေးသွားစေနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် စိုးရိမ်ပူပန်မှုကို ခံစားနေရပြီဆိုရင် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ သီချင်းနားထောင်ပါ။ တရားထိုင်ပါ။
အတိတ်မှာပဲ ရှင်သန်နေတာ
အတိတ်နဲ့ပတ်သက်ပြီး အသုံးဝင်တာတစ်ခုက သင်ခန်းစာယူဖို့ပဲ ရှိပါတယ်။ မလုပ်သင့်တာတွေကို လုပ်ခဲ့မိတာ၊ လုပ်သင့်တာတွေကို မလုပ်ခဲ့မိတာတွေကနေ ဘယ်လိုသင်ခန်းစာတွေ ရနိုင်မလဲဆိုတာကို ပြန်စဉ်းစားရုံပါပဲ။ ဒါပေမယ့် အတိတ်မှာပဲ ရှင်သန်နေလို့တော့ မရပါဘူး။ ဘဝမှာ ဖြစ်ပျက်ခဲ့ပြီးသား ပြန်လည်ပြုပြင်လို့မရတဲ့ကိစ္စတွေအတွက် စိတ်ပျက်ဝမ်းနည်းနေတာက ရှေ့ဆက်ရမယ့် ဘဝကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အတိတ်က ကျရှုံးမှုတွေ၊ အမှားတွေကနေ သင်ခန်းစာယူပါ။ ရှေ့ဆက်နိုင်အောင် ကြိုးစားပါ။
အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ
သင့်ဘဝထဲက အရာအားလုံးကို သင့်စိတ်တိုင်းကျဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ သင့်ထိန်းချုပ်မှုအပြင်ဖက်က အကြောင်းကိစ္စများစွာလည်း သင့်ဘဝထဲမှာ ဖြစ်ပျက်ကြုံတွေ့ရနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကို လိုက်ထိန်းချုပ်ဖို့ ကြိုးစားနေမယ်ဆိုရင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီး ရှုပ်ထွေးတဲ့ဘဝတစ်ခုကိုသာ ပိုင်ဆိုင်ရမှာပါ။ ဒါ့ကြောင့် အရာအားလုံးသင့်စိတ်တိုင်းဖြစ်လာအောင် ထိန်းချုပ်ဖို့ ကြိုးစားနေမယ့်အစား ဖြစ်ပေါ်လာတဲ့ အခြေအနေကို လိုက်ပြီး အကောင်းဆုံးနည်းလမ်းနဲ့ တုံ့ပြန်နိုင်အောင်သာ ကြိုးစားပါ။
အချိန်ဆွဲတာ
အချိန်ဆွဲ/အချိန်ရွှေ့ဆိုင်းတာဟာ လူအများစုရဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ လုပ်စရာရှိတာတွေကို မလုပ်ပဲ အချိန်ဆွဲနေတာက မလိုအပ်ပဲ သင့်ဘဝကို ရှုပ်ထွေးအောင် လုပ်နေတာပါပဲ။ မပြီးပြတ်သေးတဲ့ ကိစ္စတွေလောက် သင့်ရဲ့စိတ်ကို ရှုပ်ထွေးစေနိုင်တဲ့အရာ မရှိပါဘူး။ ဒါ့ကြောင့် လုပ်စရာရှိတာတွေကို နောက်ဆုံးအချိန်ထိ ဆွဲမနေပဲ အမြန်ဆုံးပြီးပြတ်အောင် လုပ်ဆောင်ပါ။
အဆိုးမြင်သမားတွေနဲ့ ဝန်းရံနေတာ
သင့်ဘဝထဲမှာ အဆိုးမြင်သမားတွေရှိနေမယ်ဆိုရင်လည်း ဘဝက မလိုအပ်ပဲ ရှုပ်ထွေးနေမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အဆိုးမြင်စိတ်တွေ ကူးစက်မခံရအောင် အဆိုးမြင်သမားတွေကို ဝေးဝေးရှောင်ပါ။ ဒီလိုဆိုရင် သင့်ဘဝက ပိုမိုရိုးရှင်းလွယ်ကူလာမှာသေချာပါတယ်။
သင့်ပျော်ရွှင်မှုကို အခြားတစ်ယောက်ပေါ်မှာ အခြေခံထားတာ
အခြားတစုံတယောက်ပျော်ရွှင်ရမှ သင်လည်းပျော်နိုင်မယ်လို့ ခံယူထားရင်တော့ သင့်ဘဝက ရှုပ်ထွေးနေတာ မထူးဆန်းပါဘူး။ ပျော်ရွှင်မှုဆိုတာ အခြားသူတွေဆီကနေ ရရှိတာမဟုတ်ပါဘူး။ သင်ကိုယ်တိုင် ဖန်တီးခံစားရမှာပါ။ ဒါ့ကြောင့် သင့်ရဲ့ပျော်ရွှင်မှုကို အခြားတစ်ယောက်အပေါ်မှာ မူတည်မထားပါနဲ့။ ကိုယ်ပိုင်ပျော်ရွှင်မှုကို ခံစားပါ။
Crd: Gentleman Magazine
Leave a comment