(၁) ကိုယ့်ကိစ္စကိုယ် တာဝန်ယူတက်သည့်စိတ်
(၂) ရည်ရွယ်ချက်နှင့် အသက်ရှင်သူ
(၃) လုပ်ငန်းအစီအစဉ်ရေးဆွဲပါ
(၄) တန်ရာတန်ဖိုးပေးရမှာ ဝန်မလေးပါနှင့်
(၅) ပါရဂူမြောက်အောင် လေ့ကျင့်ပါ
(၆) ဘယ်တော့မှ အလျှော့မပေးနှင့်
(၇) အချိန်မဆိုင်းနှင့်
(၁) ကိုယ့်ကိစ္စကိုယ် တာဝန်ယူတက်သည့်စိတ်
လူအများစုတို့ပင် မိမိမအောင်မြင်သည့် ကိစ္စအတွက် သူတစ်ပါးကို အပြစ်တင်ချင်တက်ကြသည်။ မိဘကြောင့် ၊ ပတ်ဝန်းကျင်ကြောင့် ၊ အထွေထွေအပြားပြားသော အကန့်အသတ် အတားအဆီးများကြောင့် ၊ စသဖြင့် အကြောင်းတွေပြကြသည်။ အောင်မြင်ရေးပညာရှင်များက သည်အချက်ကို လက်မခံပါ။ ဒါက အရှူံးသမားစိတ်ဓာတ်ဟု သူတို့မြင်ကြသည်။ သူတစ်ပါးတို့ကြောင့် မိမိဘဝ နိမ့်ကျနေရသည်ဟု မှတ်ယူနေသမျှကာလပတ်လုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သော အနေအထားသို့ ရောက်ရှိလိမ့်မည် မဟုတ်ဟု သူတို့ ယုံကြည်သည်။
သူတို့၏ လက်စွဲလမ်းစဉ်က “ကိုယ်ကိစ္စသည် ကိုယ့်တာဝန် ၊ ကိုယ့်အခက်အခဲကို ကိုယ်သာဖြေရှင်းမည်” ၊ ဟူ၍ပဲ ဖြစ်သည်။
သူတစ်ပါးက ၊ သို့မဟုတ် ပြင်ပအကြောင်းတစ်စုံတစ်ရာက ဟန့်တားထားသဖြင့် မိမိမအောင်မြင်ဖြစ်နေရသည်ဟု ယူဆနေသူသည် မိမိ၏ စွမ်းအားများကို ပစ်ပယ်သူ ၊ အလဟဿ အဆုံးအရှုံးခံသူဖြစ်သည်။ တစ်နည်းဆိုရသော် ၊ ကျွန်တော်ဘဝကို ကျွန်တော်ကိုယ်တိုင်ထက် ခင်ဗျားတို့က ပိုပြီးခြယ်လှယ်နိုင်ပါတယ်ဗျာ၊ ဟူသော အောက်ကျခံစိတ်ဓာတ်ကို မွေးမြူထားသူဖြစ်သည်ဟု အောင်မြင်ရေးသမားတို့ ရှုမြင်ကြသည်။
ဥပမာ၊ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ အပြောအဟောသမား လက်(စ)ဘရောင်း ဆိုပါစို့။
မွေးစကတည်းကပင် သူ့အား မိဘနှစ်ပါးက တင်းပြည့်ကျပ်ပြည့် လူတန်းစေ့ဖြစ်မလာနိုင်သူလေးဟူ၍ စိတ်ပျက်လက်လျှော့ခဲ့ကြသည်။ ကလေးဘဝ၌ အရည်အသွေးစစ်ဆေးသူတို့ကလည်း၊ ဉာဏ်ရည်ချို့တဲ့သူဖြစ်သည်၊ သို့သော် ပညာတော့ သင်၍ရနိုင်သည် ဟူသော မှတ်ချက်မျိုးသာပေးခဲ့သည်။
သည်အတိုင်းဆိုက လက်(စ)ဘရောင်းအဖို့ ဘာမျှ မျှော်လင့်နိုင်စရာ အကြောင်းမရှိတော့။
သို့သော် အထက်တန်းကျောင်းသားဘဝသည်အတိုင်းဆိုက လက်(စ)ဘရောင်းအဖို့ ဘာမျှ မျှော်လင့်နိုင်စရာ အကြောင်းမရှိတော့။
သို့သော် အထက်တန်းကျောင်းသားဘဝ၌ သူ့စိတ်ဓာတ်ကိုပြောင်းလဲမြှင့်တင်ပေးမည့် လမ်းညွှန်စကားတစ်ခွန်း ဆရာတစ်ဦးထံမှ လက်(စ)ဘရောင်း ကြားရသည်။ “သူများတွေက မင်းကို ဘယ်လို ဘာညာ သတ်မှတ်ထားရုံနဲ့ မင်းက အဲဒီအတိုင်း လိုက်ဖြစ်ဖို့ မလိုဘူးကွ” ဟူသော စကား။
သည်တွင် ဘရောင်း သဘောပေါက်သွားသည်။ မိမိဘဝ၊ မိမိအနာဂတ်သည် မိမိလက်ထဲမှာပဲ ရှိသည်။ ဒါပဲ။
သူ့ဘဝအတွက် သူများတွေအထင်အမြင်တိုင်း လျှော့တွက်မထားပဲ မြှင့်တင်နိုင်ဖို့ သူကြိုးစားသည်။
နောက်ပိုင်း၌ သူသည် နိုင်ငံရေးနယ်ပယ်တွင် ဝင်ဆံ့သူတစ်ဦး ဖြစ်လာသည်။ စာအုပ်စာတမ်း ရေးသားပြုစုသူတစ်ယောက် ဖြစ်လာသည်။ အဟောအပြောဘက်တွင် ထူးချွန်သူတစ်ယောက်ဖြစ်လာသည်။ ယခုအခါ၌မူ အမေရိကန်ပြည်ရှိ စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောသမားများထဲတွင် ထိပ်တန်းစားရင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပြီး ဟောပြောခအဖြစ် တစ်နာရီလျှင် ဒေါ်လာ ၂၀,၀၀၀ နှုန်း ရရှိနေချေပြီ။
လောက၌ လူတို့ထိန်းချုပ်ဖန်တီး၍ မရနိုင်သောအရာများ ရှိတာတော့ အမှန်ပဲဖြစ်ပါသည်။ ဥပမာ၊ သဘာဝဖြစ်စဉ်များကို ကျွန်တော်တို့ မတားဆီးနိုင်ပါ။ ဖြစ်ပြီးခဲ့သောအရာများအတွက် စိတ်ပင်ပန်းဆင်းရဲနေသဖြင့်လည်း အကြောင်းမထူးပါ။ အခြားတစ်ပါးသော သူတို့၏ သဘောသဘာဝများကို ပြုပြင်ပြောင်းလဲဖို့လည်း အလွန်ခက်ပါမည်။ သို့သော်၊ မည်သူမဆို မိမိအတွေးအကြံနှင့် မိမိလုပ်ရပ်များကိုကား မိမိလက်ထဲ မိမိထည့်ထားနိုင်ပါသည်။
အဲဒါသည်၊ ကိုယ့်ကိုကိုယ် တာဝန်ယူခြင်းဖြစ်သည်။
ကိုယ့်ကိုကိုယ် တာဝန်ယူသောသူ၌ မိမိဘဝကို မြှင့်တင်နိုင်မည့် အလွန်ကြီးမားသောစွမ်းအားများ ကိန်းအောင်းတည်ရှိလာမည် ဖြစ်ပါသည်။
(၂) ရည်ရွယ်ချက်နှင့် အသက်ရှင်သူ
ထက်သန်နိုးကြားရေးသမားများနှင့် ရိုးရိုးသာမန်လူများကွာခြားကြသည့် အဓိကအချက်တစ်ခုက ထက်သန်သူများသည် ဘဝကို ရည်ရွယ်ချက်ရှိစွာ ဖြတ်သန်းရှင်သန်ကြခြင်းဖြစ်၏။ သူတို့မှာ သူတို့ စွဲမြဲယုံကြည်သည့်အရာ ရှိသည်။ ဘယ်အရာသည် ငါ့အလုပ်ဟု တိတိကျကျ ပြဠာန်းထားမှု ရှိသည်။
ဘဝ၌ ဦးတည်ချက်တစ်စုံတစ်ရာ ရှိခြင်းသည် တင်းပြည့်ကျပ်ပြည့် လှုပ်ရှားရှင်သန်သူတစ်ဦးဖြစ်ရေးအတွက် အရေးကြီးဆုံး အခြေခံတစ်ခုဖြစ်သည် ဟူ၍ လူမှုစိတ်ပညာကျမ်းပြုဆရာ ဝိန်းဒိုင်ယာက ဆိုသည်။
ဘဝ၌ဦးတည်ချက် ခိုင်ခိုင်မာမာ မရှိသည့်အခါ လူသည် လတ်တလောသက်သာလွယ်ကူသလို နေတက်သည်။ ခက်ခဲတာတွေ ရှောင်သည်။ ကိုယ်အား ဉာဏ်အား စိုက်ထုတ်သုံးစွဲမှု မပြု။
ဦးတည်ချက်တစ်စုံတစ်ရာဖြင့် အသက်ရှင်သောသူမျာမူ မိမိ အလုပ်ကောင်းစွာပြီးမြောက်ရေးကိုသာ အဓိက အာရုံပြု၍ နေတက်သည်။ သူသည် သူနှစ်သက်သောအလုပ်ကို ရွေးချယ်ထားခြင်းဖြစ်ရာ၊ သည်အလုပ်ကို နှစ်သက်ကြောင်းသည် သူ့၌ ထင်ရှားပေါ်လွင်လျက်ရှိသည်။ သည်အခါ အခြားသူတို့လည်း သူနှင့်အတူ တွဲဖက်လုပ်ကိုင်ရန် လိုလားထက်သန်လာတက်ကြပေသည်။
ဦးတည်ချက်ဖြင့် ရှင်သန်သော ဘဝ တစ်ခုဖြစ်ရန် မည်သို့လုပ်ဆောင်မည်နည်း။
ဦးစွာပထမ မိမိ အမှန်တကယ် ယုံကြည်သော အကြောင်းကိစ္စတစ်ခုကို စဉ်းစားရွေးချယ်ရပါမည်။ ပြီးလျှင် သည်ကိစ္စကို ဝန်းရံကာ လုပ်ငန်းတစ်ခု တည်ဆောက်ရပါမည်။
ဥပမာ၊ မိုက်(က)ဖယ်ရီ ဆိုပါစို့။ သူသည် မူလက အသံသွင်း တိပ်ခွေများ ဖြန့်ချီသည့် အရောင်းကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သည်။ သည့်နောက်၌ တိုက်အိမ်မြေ အရောင်းအဝယ်သမားများနှင့် တွေ့ဆုံရာမှ သည်လူတွေကို အရောင်းပညာ အရည်အသွေးတိုးတက်အောင် လေ့ကျင့်မြှင့်တင်ပေးနိုင်က များစွာအကျိုးကျေးဇူးရှိနိုင်ကြောင်း သတိပြုမိခဲ့သည်။ သို့နှင့် မိုက်(က)ဖယ်ရီ အဖွဲ့ထူထောင်ကာ တိုက်အိမ်မြေ အရောင်းသမားသင်တန်းများ ဖွင့်လှစ်ခဲ့သည်။ ယခုအခါ၌ သူ့ ကုမ္ပဏီသည် နှစ်စဉ် သန်း ၂၀ ဖိုးမက အရောင်းအဝယ် ဖြစ်နေလေပြီလေ။
(၃) လုပ်ငန်းအစီအစဉ်ရေးဆွဲပါ
မိမိရည်မှန်းသည့် အရာများရရှိအောင် မည်သို့မည်ပုံဆောင်ရွက်မည်ဟူသော လုပ်ငန်းအစီအစဉ်တစ်ရပ် တိတိကျကျရေးမှတ်ထားခြင်းမရှိပါက ပန်းတိုင်သို့ရောက်နိုင်လိမ့်မည်မဟုတ်။ လမ်းကြောင်းသေသေချာချာမသိဘဲ ရပ်ဝေးခရီးထွက်သူကဲ့သို့ အချိန်ကုန်လူပန်း ငွေကုန်ခမ်းကာ တစ်ဝက်တစ်ပျက်နှင့် စိတ်ပျက်နောက်ဆုတ်မိမည်ဖြစ်သည်။
အမေရိကတွင် အအောင်မြင်ဆုံး အရောင်းဆရာလည်းဖြစ်၊ နာမည်ကျော်အဟောအပြောသမားနှင့် ကျမ်းပြုပုဂ္ဂိုလ်လည်းဖြစ်သူ ဘရိုင်ယင်ထရေစီ ကမူ၊ “စာရွက်ပေါ်မှာ သေသေချာချာ ချရေးမထားတဲ့ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ပန်းတိုင် စစ်စစ်မဟုတ်ဘူး၊ စိတ်ရူးပေါက်တဲ့ အဆင့်လောက်ပဲ ရှိတယ်” ဟူ၍ပင် ဆိုခဲ့သည်။
လက်ထဲ၌ ကျကျနန ရေးဆွဲထားသည့် ခရီးလမ်းညွှန်မြေပုံ ရှိပြီဆိုလျှင်မူ သွားရသည့် ခရီးသည်လည်း ဖြောင့်ဖြူးသာယာမည်၊ ပန်းတိုင်သို့လည်း အချိန်အတိုဆုံး အမြန်ဆုံးရောက်ရှိမည်ဖြစ်ပေသည်။
(၄) တန်ရာတန်ဖိုးပေးရမှာ ဝန်မလေးပါနှင့်
မည်သူမဆို ခြံနှင့် ဝင်းနှင့် သားသားနားနား နေချင်သည်။ ကားအကောင်းစားစီးချင်သည်။ ဝင်ငွေသန်းချီ၍ ရချင်သည်။ သို့သော် များသောအားဖြင့်မူ ရချင်တာပဲရှိသည်၊ ရရှိအောင် ဘာတွေလုပ်မည်၊ ဘယ်လောက်အားထုတ်ကြိုးပမ်းမည်ဆိုတာမျိုး မရှိကြ။ အောင်မြင်သွားသော ပုဂ္ဂိုလ်တွေကတော့ ကိုယ်လိုချင်တာတွေရဖို့ ကိုယ့်ဘက်က ဘာတွေ ဘယ်လောက်ပေးရမည်ဆိုတာ စဉ်းစားတွက်ချက်သည်။ ပြီးတော့ ပေးစရာရှိတာပေးပြီး ဖြစ်အောင်လုပ်သည်။ ပင်ပန်းလှချည့်ဟု မညည်း။
ရှေ့ဘက်တွင်ပြောခဲ့သည် လက်(စ)ဘရောင်း မှာ ဘယ်ဘက်နားရွက်၌ အသားမာတက်နေတာ ရှိသည်။ ဘာကြောင့်တက်သလဲ၊ လက်(စ)ဘရောင်းက ပြောပြသည်။
“ကျွန်တော်ဟောပြောတဲ့လုပ်ငန်းထဲ ဝင်မလို့ စဆုံးဖြတ်တဲ့အချိန် ကိုယ်ကအတွေ့အကြုံမရှိ၊ နာမည်လဲ မရှိ၊ လူယုံကြည်လောက်စရာ ဘာထောက်ခံချက်မှလဲ မရှိတော့ လူတကာဆီကိုယ့်ဘာသာပဲ ဆက်သွယ်ရတယ်၊ ကျွန်တော် တစ်ရက်တစ်ရက်ကို လူတစ်ရာကျော်လောက်စီ လှမ်းလှမ်းပြီး ဖုန်းဆက်ရတယ်၊ သူတို့ဆီမှာ ဟောပြောဖို့ အခွင့်အရေးရအောင် စုံစမ်းရ မေးမြန်းရ စည်းရုံးရတယ်ပေါ့ဗျာ၊ ဒီနားရွက်က အသားမာဟာ ဒေါ်လာသန်းချီတန်တယ်ဗျ” ဟူ၍။
(၅) ပါရဂူမြောက်အောင် လေ့ကျင့်ပါ
ကျွန်တော်မေးမြန်းခဲ့သည့် စိတ်ထက်သန်ရေး အဟောအပြောသမားများမှာ တွေ့ရသည့် အထင်ရှားဆုံး အချက်တစ်ရပ်က မိမိကဏ္ဍတွင် မိမိသာ အတော်ဆုံး အကောင်းဖြစ်လိုသော ဆန္ဒ ထက်သန်ပြင်းပြလှခြင်းဖြစ်သည်။ သူတို့သည် သူတို့၏ ကျွမ်းကျင်မှုအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်ရန် အတွက် လိုအပ်သည့် အရာမှန်သမျှကို မတွန့်မဆုတ်လုပ်ရန် အသင့်ရှိကြသည်။
Fortune 500 ခေါ် အမေရိကန် ထိပ်သီးလုပ်ငန်ကြီး ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီကြီးများ၏ အကြီးအကဲ ပုဂ္ဂိုလ်များကိုမှ လုပ်ငန်းပို၍ ကြီးကျယ်အောင်မြင်ရေးအတွက် ကျင့်ဆောင်ရန် နည်းနာများ ဟောပြောပို့ချရသူ ပက်ထရစ်ရှာဖရစ်(ပ) ဆိုလျှင် မြောက်အမေရိကတိုက်မှာ လူအများကို စိတ်လှုပ်ရှားတက်ကြွအောင် ပြောဟောနိုင်စွမ်းအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဟူ၍ ချီးကျူးဖာ်ပြခံရပြီးသည့်နောက်၌ပင် အပြောစွမ်းရည်တိုးတက်စေရန်အတွက် ရုပ်ရှင်ပြဇာတ် သရုပ်ဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုလည်း တက်သည်၊ စကားပြော နည်းပြတစ်ယောက် သီးသန့်ငှား၍လည်း လေ့ကျင့်နေသေးသည်။
ဘာကြောင့်သည်လောက်လေ့ကျင့်ရသလဲ။
သည့်ထက်ပို၍ ပို၍ ပြည့်စုံပြောင်မြောက်ချင်သေးသောကြောင့် ဖြစ်သည်။
သင်ကိုယ်တိုင်အဖို့လည်း စဉ်းစားကြည့်ပါ။ အကယ်၍ တစ်စုံတစ်ယောက်သောသူက သင့်အလုပ်ခွင်သို့ လာရောက်ကာ သင့်လုပ်ငန်းနည်းနာများအကြောင်းကို အခြားသူများအားပြသနိုင်ရန် အတွက် ဗီဒီယိုရိုက်ကူးမည်ဆိုပါစို့။ သင်လွတ်လွတ်ကျွတ်ကျွတ် ဝမ်းမြောက်ဂုဏ်ယူ နိုင်ပါမည်လား။ ဒါမှမဟုတ် စိတ်ထဲ စနိုးစနောင့် ဖြစ်စရာ ချို့ယွင်းအားနည်းချက်လေးတွေ သင့်မှာ ရှိနေမည်လား။ အကယ်၍ ယခု အနေအထားဖြင့် ဗီဒီယို အရိုက်ခံလိုက်ပါက နောင် သင့်စိတ်တွင် ကသိကအောက် အနှောင့်အယှက်တွေ ကြုံတွေ့ရလိမ့်မည်ဟု စဉ်းစားမိမည်ဆိုက၊ ယနေ့မှ စ၍ သင့်လုပ်ငန်း နယ်ပယ်တွင် အတော်ဆုံး အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားအားထုတ်သွားရန် ဆုံးဖြတ်သင့်ပေပြီ။
သင့်နယ်ပယ်မှာ ပါရဂူမြောက်နေသူတွေ ဘာတွေ ဘယ်လိုလုပ်ကိုင်နေကြသလဲ၊ လေ့လာပါ။ အတော်ဆုံး အထင်ရှားဆုံး ပုဂ္ဂိုလ်တွေ၏ ဆောင်ရွက်ပုံနည်းနာများကို စူးစမ်းပါ။ ပြီး သူတို့နည်းတူ လုပ်ကိုင်ကြည့်ပါလေ။
(၆) ဘယ်တော့မှ အလျှော့မပေးနှင့်
သည်စကားကြီးက ရိုးလွန်းပါသည် ထင်စရာရှိ၏။ သို့သော်အရေးကြီးတာ အမှန်ပဲ ဖြစ်ပါသည်။
အကယ်၍ သင်သာ ပန်းတိုင်တစ်စုံတစ်ရာသို့ တကယ်ဦးတည်ချီတက်နေသူ ဖြစ်ရိုးမှန်က လက်လျှော့နောက်ဆုတ်ဖို့ ဆိုသည်ကို စဉ်းစားခွင့်ပင်မရှိပါ။ ပန်းတိုင်ရောက်ဖို့ ဘာတွေ လုပ်မည်လဲ၊ လုပ်စရာရှိသမျှ သင်လုပ်ဖို့သာ အသင့်ရှိနေရပေမည်။
ဂျက်ကင်းဖီးလ် နှင့် မာ့ခ်ဗစ်တာဟင်ဆင် တို့နှစ်ဦး Chicken Soup for the Soul ဆိုသော စာအုပ်ကို ပြုစုပြီး၍ ပုံနှိပ်ထုတ်ဝေရန် လိုက်လံစပ်ဟပ်သည့်အခါ စာအုပ်တိုက်ပေါင်း ၁၀၀ ကျော်က ငြင်းပယ်ကြသည်။ ဒါကို လက်မလျှော့ဘဲ ဆက်ကြိုးစားကြရာ နောက်ဆုံး၌ ထုတ်ဝေရေးလုပ်ငန်းငယ် တစ်ခုက ရိုက်နှိပ်ရန်လက်ခံလေသည်။ သည်စာအုပ်သည် ရောင်းအကောင်းဆုံး စာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်လာရုံမက ပရိတ်သက်က နှစ်ခြိုက်လွန်းသဖြင့် နောက်ထပ် Chicken Soup အမည်တပ် စာအုပ်တွဲများ ဆက်လက်ထုတ်ဝေရသည်အထိ အောင်မြင်သွားခဲ့သည်။ ယခုဆိုလျှင် Chicken Soup စာအုပ်များမှာ အုပ်ရေ ၁၂ သန်းကျောအအထိ ရောင်းချခဲ့ပြီး ဖြစ်ပေသည်။
နောက်မဆုတ်သော စိတ်ဓာတ်၏ အစွမ်းသတ္တိပေတည်း။
ထို့ကြောင့်နေ့စဉ်ရသမျှ အချိန်ကို သင့်ရည်မှန်းချက် သင့်ပန်းတိုင်သို့ ရောက်ရှိစေမည့် ကိစ္စရပ်များအတွက် အသုံးပြုပါ။ ငါယခု လုပ်နေသော အလုပ်သည် ငါ့ရည်မှန်းချက်ပန်းတိုင်နှင့် နီးသထက်နီးလာစေမည့် အလုပ် ဟုတ်သလား မဟုတ်ဘူးလား မပြတ်စိစစ်ပါ၊ မဟုတ်ဘူးဆိုလျှင် သည်အလုပ်ကို ရပ်ကာ ဟုတ်သည်ဆိုသော အလုပ်ကို ပြောင်း၍ လုပ်ပါ၊ ဟု တိုက်တွန်းလိုသည်။
(၇) အချိန်မဆိုင်းနှင့်
Live Your Dream ဟု အမည်ပေးထားသော စာအုပ်တွင် စာရေးသူ လက်(စ)ဘရောင်း က၊ မာရီယွန် အမည်ရှိ သူ၏ မိတ်ဆွေ အမျိုးသမီးတစ်ဦးအကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
လက်(စ)ဘရောင်းသည် မာရီယွန်အား သူမ မကွယ်လွန်မီတစ်နေ့တွင် ဖုန်းဆက်စကားပြောလိုက်ရ၏။ ကွယ်လွန်ပြီးနောက်၌ သူမ၏ ရုံးခန်းကို ကူ၍ရှင်းလင်းပေးရသည့်အခါ စာရွက်စာတမ်းများထဲတွင် ပြဇာတ်စာမူကြမ်းတစ်ခုပုဒ်ကို သွားတွေ့ရသည်။ သို့သော်စာမူမှာ နိဂုံးပိုင်းမပါရှိရာ ပုံနှိပ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။ ဇာတ်သိမ်းပိုင်းမှာ မာရီယွန်ခေါင်းထဲ၌သာ ရှိနေရာ ကွယ်လွန်သည့်အခါ၌ သူမနှင့်အတူ တမလွန်သို့ ပါသွားခဲ့ချေသည်။
ထို့ကြောင့် လောက၌ မည်သူမျှ ထာဝရ နေရမည်မဟုတ် ဟူသည်ကို အစဉ်သတိရှိကာ လုပ်စရာရှိသည်ကို အချိန်မဆိုင်းဘဲ လုပ်ဖို့လို၏။
အလုပ်တွေ အများကြီး အောင်မြင်ပြီးစီးကြသူတွေကို ကြည့်လျှင်၊ သူတို့လည်းအကန့်အသတ်မရှိ အသက်ရှည်မည်မဟုတ်ကြောင်း သိကြသည်ပဲ ဖြစ်၏။ သို့သော် သည်တွက် စိတ်ပျက်မသွား၊ စိတ်ဓာတ်ကျမသွား။ အချိန်မရွေးသေသွားနိုင်တာသိသည့်အတွက်ပင် အချိန်အဟုတ်တင်ပြီး အလုပ်လုပ်ကြသည်။ သူတို့ ရည်မှန်းသည့် ပန်းတိုင်းနောက်ကို အားနှင့် အင်နှင့် လိုက်ကြသည်။ စွဲစွဲမြဲမြဲ ဇွဲသန်သန်နှင့် ကြိုးပမ်းကြသည်။ သည်အခါ သူတို့အောင်မြင်ကြသည်။
စာဖတ်သူအပါအဝင် မည်သူမဆိုလည်း အလားတူ အားထုတ်မည်ဆိုက မုချအောင်မြင်မည်သာပင်။
~ဖေမြင့်
Leave a comment