မားကတ်တင်းနယ်ပယ်မှာ အခြေခံအားဖြင့် P နဲ့စတဲ့ စကားလုံး (၄)လုံးဖြစ်တဲ့ Product, Price, Place နဲ့ Promotion တို့က အရေးပါတယ်လို့ ဆိုကြပါတယ်။ ဒီလိုပါပဲ အောင်မြင်ရေးအတွက် အရေးပါတဲ့ P နဲ့ စတဲ့ စကားလုံး (၅)လုံး ရှိပါတယ်။
၁။ Passion
Passion ဆိုတာကတော့ စိတ်အားထက်သန်ပြင်းပြမှုလို့ပဲ ဆိုချင်ပါတယ်။ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်တတ်တဲ့ စိတ်ဓာတ်မျိုးပါ။ ဘာကိုပဲလုပ်လုပ် ထက်သန်ပြင်းပြတဲ့ စိတ်ဓာတ်ရှိမယ်ဆိုရင် အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါ့အပြင် စိတ်အားထက်သန်ရာကို လုပ်ဆောင်နေရရင် အလုပ်လုပ်နေရတယ်လို့လည်း မခံစားရပဲ အကောင်းဆုံးအားထုတ်မှုနဲ့ အကောင်းဆုံးရလဒ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
၂။ Pragmatism
Pragmatism ကတော့ လက်တွေ့ကျကျ သုံးသပ်ဆင်ခြင်နိုင်စွမ်းလို့ ပြောချင်ပါတယ်။ သင့်အနေနဲ့ တစ်ကမ္ဘာလုံးမှာ ရှိသမျှ စွမ်းအင်တွေ၊ ခွန်အားတွေ အကုန်ရှိနေရင်တောင် အခြေအနေကို လက်တွေ့ကျကျမသုံးသပ်တတ်ရင် ဘယ်ကိုမှမရောက်နိုင်ပါဘူး။ ဒါ့အပြင် အချိန်ရော ငွေရော၊ အဖွဲ့အစည်းရဲ့ခွန်အားကိုပါ ပြုန်းတီးသွားစေနိုင်ပါတယ်။ လက်တွေ့ကျကျသုံးသပ်နိုင်စွမ်းရှိသူတွေက အလုပ်အတွက် အကောင်းဆုံးဖြစ်မယ့် လမ်းကြောင်းကို ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိကြပါတယ်။
၃။ Perspective
Perspective ဆိုတာကတော့ ရှုထောင့်အမြင်ပါပဲ။ သင်ကိုယ်တိုင်နဲ့၊ သင့်ရဲ့ အခက်အခဲတွေ၊ သင့်လုပ်ငန်းနဲ့ လောကကြီးအပေါ် ဘယ်လိုအမြင်မျိုးရှိလဲဆိုတာက အောင်မြင်ရေးအတွက် အရေးကြီးပါတယ်။ အောင်မြင်သူတွေဟာ ကိစ္စတစ်ခုအပေါ် သာမန်လူတွေ မမြင်နိုင်တဲ့ အမြင်မျိုးနဲ့ မြင်တတ်ကြပါတယ်။
၄။ Personality
ကိုယ်ရည်ကိုယ်သွေး (Personality)ကတော့ တစ်ယောက်တည်းရှင်သန်လို့မရတဲ့ လောကကြီးထဲမှာ အောင်မြင်မှုကို ရယူနိုင်ဖို့ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘယ်လုပ်ငန်းနယ်ပယ်မှာပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီး၊ လက်အောက်ငယ်သား၊ မိတ်ဖက်၊ စီးပွားဖက် စတဲ့လူတွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ပြီး ယုံကြည်ထိုက်တဲ့ကိုယ်ရည်ကိုယ်သွေးရှိမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
၅။ Perseverance
Perseverance ကတော့ မြန်မာလို ပြောရရင် ဇွဲလုံ့လ ပဲ ဖြစ်ပါတယ်။ မဆုတ်မနစ်တဲ့ ဇွဲလုံ့လရှိခြင်းကို ဘယ်အရာကမှ အနိုင်မယူနိုင်ပါဘူး။ ပင်ကိုယ်ပါရမီရှိသူတွေ၊ ဉာဏ်ကြီးရှင်တွေလည်း နောက်ဆုံးတချိန်မှာ ဇွဲကောင်းသူကို အရှုံးပေးကြတာချည်းပါပဲ။ ဇွဲလုံ့လမရှိပဲ ဘယ်အရာကိုမှ မအောင်မြင်နိုင်ပါဘူး။ ဘယ်တိုက်ပွဲကိုမှ အနိုင်တိုက်နိုင်မှာ မဟုတ်ပါဘူး။
ဒါကတော့ ဘဝအောင်မြင်ရေးအတွက် အရေးပါတဲ့ P (၅)လုံးပဲဖြစ်ပါတယ်။
Credit: Gentleman Magazine
Leave a comment