ဝါရင်းရဲ့ ကလေးဘဝ အိပ်မက်က အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံ ပုဂ္ဂိုလ် ဖြစ်လာဖို့ပပဲ။ အသက် ၁၇ နှစ်အရွယ်မှာ ဝါရင်းဟာ လုပ်ငန်းတစ်ခုလုပ်ဖို့ ဆုံဖြတ်ခဲ့ပါတယ်။ စီးပွားရေးအမြင်ရှိတဲ့ ဝါရင်းလေးဟာ ဝါရှင်တန်ပို့စ် သတင်းစာပို့တဲ့ အလုပ်ကနေ ၃၅ ဒေါ်လာရအောင် စုဆောင်းခဲ့ပါတယ်။ ဝါရင်းလေးဟာ ဒီ ၃၅ ဒေါ်လာကို သုံးပစ်မယ့်အစား လုပ်ငန်းတစ်ခုတည်ထောင်ပြီး တိုးပွားအောင်လုပ်ဖို့ကိုသာ ပိုင်းဖြတ်ခဲ့ပါတယ်။ ဝါရင်းဟာ ထပ်တိုးသက်ရောက်မှု (compounding effect) ရဲ့ စွမ်းပကားကို အပြည့်အဝ ခံစားချင်ရင် တက်နိုင်သမျှ အစောဆုံး ရင်းနှီးမြှုပ်နှံရမယ် ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။
ဝါရင်းလေးဟာ လုပ်ငန်းတစ်ခု တည်ထောင်ဖို့ အခွင့်အလမ်းကို ရှာရင်း ငွေအကြွေထည့်ကစားရတဲ့ ပင်းဘောစက် (pinball machine) အဟောင်းတစ်လုံးကို တွေ့တဲ့အခါမှာ သူ့မှာရှိတဲ့ ၃၅ ဒေါ်လာနဲ့ ဝယ်လိုက်ပါတယ်။ ဒီစက်လေးကို လူအများသုံးမယ့် နေရာမှာ ထားရမယ်ဆိုတာ ဝါရင်းသိပါတယ်။ သူ့စက်ကလေးကို သူတို့ရပ်ကွက်ထဲက ဘိလိယက်ရုံမှာ ထားချင်ပေမယ့် အရင်ရှိနှင့်တဲ့ ပင်းဘောစက်ပိုင်ရှင်က စီးပွားရေးပြိုင်ဖက် ဖြစ်လာမယ့် ဝါရင်းလေးကို ခွင့်မပြုခဲ့ပါဘူး။ ပင်းဘောကစားသူ အားလုံးဟာ ဘိလိယက်ရုံကိုဘဲ သွားကြတဲ့အတွက် ဝါရင်းလေး စိတ်ဓာတ် ကျခဲ့ပါတယ်။ လက်လီလုပ်ငန်းတွေမှာ ပထမ၊ ဒုတိယ၊ တတိယ အရေးကြီးဆုံးဟာ နေရာ ဖြစ်ပါတယ်။
ဒါပေမယ့် ဝါရင်းလေးဟာ ဘိလိယက်ရုံမှာ ပင်းဘော လာကစားသူ အားလုံးဟာ ခရူကတ် (crew cut) လို့ခေါ်တဲ့ ဆံပင်ပုံစံ တစ်မျိုးတည်းကို ညှပ်ထားကြတာကို သတိပြုမိလိုက်ပါတယ်။ ဒီဆံပင်ပုံစံကို ဆာ့ရှ်ရဲ့ ဆံပင်ညှပ်ဆိုင်က ညှပ်ပေးနေတာကိုလည်း သိလိုက်ရပါတယ်။ ဝါရင်းလေးဟာ ဆာ့ရှ်ရဲ့ ဆံပင်ညှပ်ဆိုင်ကို သွားကြည့်ပြီးလေ့လာတဲ့အခါ အချက် ၂ ချက်ကို မြင်ခဲ့ပါတယ်။ (၁) အဲဒီဆံပင်ညှပ်ဆိုင်မှာ ပင်းဘောစက် မရှိဘူး။ (၂) ဆံပင်ညှပ်ဖို့ အလှည့်စောင့်နေတဲ့ ပင်းဘောကစားသူတွေ အများကြီး ရှိတယ်။ အခွင့်အလမ်းကို မြင်တက်တဲ့ ဝါရင်းလေးဟာ ဆာ့ရှ်နဲ့ လုပ်ငန်းဖက်စပ်လုပ်ဖို့ သဘောတူညီချက် ယူလိုက်ပါတယ်။ ဒီသဘောတူညီချက်က ဝါရင်းရဲ့ အကြွေစေ့ထည့်ပြီး ဆော့ရတဲ့ ပင်းဘောစက်ကို ဆာ့ရှ်ရဲ့ ဆိုင်မှာ ထားခွင့်ပြုရင် ဆာ့ရှ်အနေနဲ့ ပင်းဘောစက်ဝင်ငွေရဲ့ ၂၀% ကို ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ နောက်နေ့မှာ ဝါရင်းသွားကြည့်တော့ ပင်းဘောစက်ထဲမှာ ဒေါ်လာ ၁၀ တွေ့ပါတယ်။ ဝါရင်းဟာ ဆာ့ရှ်ကို ၂ ဒေါ်လာ ပေးပြီး ကျန်တဲ့ ၈ ဒေါ်လာကို သူ့အတွက် ယူပါတယ်။ ဝါရင်းဟာ ဆံပင်ညှပ်ဆိုင်က ပြန်အထွက်မှာ ပင်းဘောလုပ်ငန်းက အင်မတန် အမြတ်ကောင်းမယ်ဆိုတာကို သိလိုက်ပါတယ်။
တကယ်လို့ ဝါရင်းလေးဟာ ဒီလုပ်ငန်းကနေ တစ်နှစ်လုံးနေ့စဉ် ၈ ဒေါ်လာရနေပြီး ဒီလုပ်ငန်းကို ၁၀ နှစ်တိတိ သူ့တစ်ယောက်တည်းကို လုပ်ခွင့်ပေးဖို့ ဆာ့ရှ်ထံက သဘောတူညီမှုရယူနိုင်တယ်ဆိုရင် ဒီလုပ်ငန်းရဲ့ ဒီနေ့ တန်ဖိုးဟာ ဘယ်လောက်ဖြစ်မယ်ဆိုတာကို တွက်ပေးစေချင်ပါတယ်။
လုပ်ငန်းရဲ့ အချက်အလက်တွေကို အောက်ပါအတိုင်း ချရေးနိုင်ပါတယ်။
ရပိုင်ခွင့်များ (ASSETS)
Cash (ငွေသား) $ 8.00
Property (ပစ္စည်း) $ 35.00
Total Assets (စုစုပေါင်းရပိုင်ခွင့်) $ 43.00
ပေးရန်တာဝန်များ (LIABILITIES)
Debt (ကြွေးမြီ) $ 0.00
Paid-in Capital (မတည်ငွေရင်း) $ 35.00
Retain Earning (လက်ကျန်အမြတ်) $ 8.00
Total Liabilities (စုစုပေါင်းပေးရန်တာဝန်) $ 43.00
လုပ်ငန်းရှင်ပိုင်ဆိုင်မှု (Stock Holders’ Equity/ Book Value)
(Paid-in Capital + Retained Earnings) $ 43.00
စုစုပေါင်းလုပ်ငန်းရှင် ပိုင်ဆိုင်မှုနဲ့ ပေးရန်တာဝန်များ (Total Stock Holders’ Equity & Liabilities) $ 43.00
ဒါဟာ အတော်ကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ဒါပေမယ့် အဖြေရဖို့တော့ သိပ်မလွယ်ပါဘူး။ ဒီလုပ်ငန်းရဲ့ စီးပွားရေးသဘာဝကို ကြည့်ရအောင်ပါ။ ဝါရင်းရဲ့ ငွေနဲ့ ပိုင်ဆိုင်မှု တန်ဖိုးဟာ ဒေါ်လာ ၄၃ ဖြစ်ပြီး သူ့မှာ ပေးရန်တာဝန်မရှိပါဘူး။ ဒါဟာ သူ့ရဲ့ လက်ကျန်ရှင်းတမ်း (Balance Sheet) ဖြစ်ပါတယ်။
လုပ်ငန်း တစ်ခုရဲ့ တနေ့တချိန်မှာ ရှိနေတဲ့ ဘဏ္ဍာရေးအနေအထားကို လက်ကျန်ရှင်းတမ်းက ဖော်ပြပေးပါတယ်။ ဝါရင်းလုပ်ငန်းရဲ့ ပထမဆုံးနေ့ကုန်ချိန်မှာ ရှိနေတဲ့လက်ကျန်ရှင်းတန်းကို လေ့လာကြည့်ပါမယ်။
ဒီလက်ကျန်ရှင်းတမ်းမှာ ရပိုင်ခွင့် (Asset) ၂ ခုရှိပါတယ်။ ဒီ ၂ ခုဟာ ပထမနေ့ လုပ်ငန်းလည်ပတ်မှုက ရတဲ့ ငွေသား (Cash) ၈ ဒေါ်လာနဲ့ ၃၅ ဒေါ်လာတန် ပိုင်ဆိုင်ပစ္စည်း (Property) တို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ ကြွေးမြီမရှိတဲ့အတွက် ပေးရန်တာဝန် (Liabilities) က သုည ဖြစ်ပါတယ်။
လုပ်ငန်းတစ်ခုရဲ့ မတည်ငွေရင်း (Paid-up Capital) ဆိုတာ လုပ်ငန်းစတင်နိုင်ဖို့ လိုအပ်တဲ့ ကနဉီး ရင်းနှီးမြှုပ်နှံငွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ ဆိုရင် ပင်းဘော စက်ဖိုး ဒေါ်လာ ၃၅ ဟာ မတည်ငွေရင်း ဖြစ်ပါတယ်။
နုတ်ချန်ထားအမြတ် (Retained Earning) ဆိုတာ လုပ်ငန်းထဲ ပြန်ထည့်ဖို့ ချန်ထားတဲ့ အမြတ်ဖြစ်ပါတယ်။ လုပ်ငန်းပထမနေ့ ကုန်ဆုံးချိန်မှာ ရှိတဲ့ နုတ်ချန်ထားအမြတ်ဟာ ၈ ဒေါ်လာဖြစ်ပါတယ်။ ပထမနေ့မှာ ကုန်ဆုံးချိန်မှာ ရှိနေတဲ့ လုပ်ငန်းပိုင်ဆိုင်မှုက မတည်ငွေရင်းနဲ့ နုတ်ချန်ထားအမြတ်တို့ရဲ့ ပေါင်းလဒ် ဒေါလာ ၄၃ ဖြစ်ပါတယ် ($ 35 + $ 8 = $ 43)။
လုပ်ငန်းတစ်ခုရဲ့ လက်ကျန်ရှင်းတမ်းကို ဘယ်နေ့ ဘယ်အချိန်အတွက်မဆို ရေးဆွဲနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအများစုရဲ့ ဓလေ့က ဘဏ္ဍရေး သုံးလပတ်တစ်ခုကုန်တဲ့ ရက်နဲ့ ဘဏ္ဍရေးနှစ်တစ်နှစ်ကုန်တဲ့ ရက်တွေအတွက်သာ လက်ကျန်ရှင်းတန်းကို ရေးဆွဲကြပါတယ်။
လုပ်ငန်တစ်ခုရဲ့ အမြတ်အရှုံးရှင်းတမ်း (Income Statement) ကတော့ လုပ်ငန်းရဲ့ ကာလတစ်ခုအတွင်းရှိ အမြတ်အရှုံးကို ဖော်ပြတဲ့ စာရွက်စာတမ်း တစ်ခုဖြစ်ပါတယ်။ ဝါရင်းပိုင်တဲ့ ပင်းဘောလုပ်ငန်းရဲ့ ပထမနေ့အတွက် အမြတ်အရှုံးရှင်းတမ်းက အောက်ပါအတိုင်း ရှိပါတယ်။
Revenues (ရောင်းရငွေ) $ 10.00
Expenses (ကုန်ကျစရိတ်) $ 2.00
Income (အမြတ်) $ 8.00
ရောင်းရငွေ (Revenues) ဟာ လုပ်ငန်းကနေ ရရှိတဲ့ငွေ ဒေါ်လာ ၁၀ ဖြစ်ပါတယ်။ ကုန်ကျစရိတ် (Expenses) က ဆာ့ရှ်ကို ပေးရတဲ့ ၂ ဒေါ်လာဖြစ်ပါတယ်။ အမြတ် (Income) ကတော့ ဝါရင်းရတဲ့ ၈ ဒေါ်လာ ဖြစ်ပါတယ်။
ဝါရင်းရဲ့ ပင်းဘောလုပ်ငန်းကို တန်ဖိုးဖြတ်ခြင်း
လက်ကျန်ရှင်းတန်းကို ကြည့်ရင် ဒီလုပ်ငန်းရဲ့ အသားတင်တန်ဖိုး (Net Worth) ဟာ ဒေါ်လာ ၄၃ ရှိကြောင်း သိနိုင်ပါတယ်။ ဒီနေရာမှာ စဉ်းစားကြည့်သင့်တာက ဒီလုပ်ငန်းကို ၄၃ ဒေါ်လာနဲ့ ရောင်းသင့်သလား ဆိုတာပါ။ တနေ့ကို ၈ ဒေါ်လာနဲ့ ၁၀ နှစ်တိတိ နေ့စဉ် အမြတ်ရနေမယ့် လုပ်ငန်းတစ်ခုကို ၄၃ ဒေါ်လာနဲ့ မရောင်းသင့်တာက တော့ရှင်းပါတယ်။ ဒါဆိုရင် ဒီလုပ်ငန်းရဲ့ ပကတိတန်ဖိုးက ဘယ်လောက်လဲဆိုတာ စဉ်းစားရပါတော့မယ်။ တစ်နှစ်ပတ်လုံးပိတ်ရက်မရှိဘဲ နေ့စဉ် ၈ ဒေါ်လာအမြတ်ရနေတဲ့အတွက် တစ်နှစ်စာအမြတ်ဟာ ဒေါ်လာ ၂၉၂၀ ရှိပါမယ် ( $ 8 × 365 = $ 2,920 )။ ဒီလုပ်ငန်းကို လုပ်ငန်းရှင်ပိုင်ဆိုင်မှု/ စာရင်းတင်တန်ဖိုး (share-holder equity / book value) ၄၃ ဒေါ်လာနဲ့ ဝယ်ထားမယ် ဆိုရင် ပထမနှစ်ထဲမှာကို အခွန်မဆောင်မီ အမြတ် ဒေါ်လာ ၂,၉၂၀ ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ၄၃ ဒေါ်လာနဲ့ ရောင်းပေးဖို့ ဝါရင်းလေးကို သွားပြောရင် မောင်းထုတ်ခံရမှာ သေချာပါတယ်။
ဒီလုပ်ငန်ရဲ့ ပကတိတန်ဖိုးကို သိချင်ရင် တစ်နှစ်ကို ဒေါ်လာ ၂,၉၂၀ နှုန်းနဲ့ ၁၀ နှစ်တိတိ ရနေမယ့် အမြတ်တွေရဲ့ ပစ္စုပ္ပန်တန်ဖိုး (present value) ကို ရှာရမှာ ဖြစ်ပါတယ်။ ပစ္စုပ္ပန်တန်ဖိုးဆိုတာ ဘာလဲ။ ဒီနေရာမှာ ပစ္စုပ္ပန်တန်ဖိုးရှာ သီအိုရီ (Theory of discounting rate) အကြောင်းတွေကို သိဖို့လိုလာပါပြီ။ ဒါတွေကို ဖြည်းဖြည်းချင်း ရှင်းပြသွားပါ့မယ်။
ဒီလုပ်ငန်းကနေ တစ်နှစ်ကို အမြတ် ဒေါ်လာ ၂,၉၂၀ ရတဲ့အတွက် ၁၀ နှစ်ပြည့်တဲ့အချိန်မှာ အမြတ်စုစုပေါင်း ဒေါ်လာ ၂၉,၂၀၀ ရမှာဖြစ်ပါတယ်။ တွက်ရလွယ်အောင် ဒီအမြတ်တွေကို ကြားထဲမှာ သုံးစွဲတာမရှိဘူးလို့ ထားပါ။
တကယ်လို့ ရလာတဲ့ လစဉ်အမြတ်တွေကို အတိုးနှုန်း ၈% ပေးတဲ့တစ်နေရာ (ဉပမာ၊ ဘဏ်) မှာ တစ်လတကြိမ် မှန်မှန်အပ်သွားရင် ၁၀ နှစ်ပြည့်တဲ့အခါ ဒေါ်လာ ၄၄,၅၁၆.၈၆ ရရှိမှာ ဖြစ်ပါတယ်။ အနာဂတ် (၁၀ နှစ်အကြာ) မှာ ရမယ့် ဒေါ်လာ ၄၄,၅၁၆.၈၆ ဟာ အခုလောလောဆယ်မှာ ဘယ်လောက်တန်ဖိုးရှိမလဲ တွက်ကြည့် ရပါမယ်။
ဒီမေးခွန်းဟာ နှစ်စဉ်အတိုးနှုန်း ၈% ရှိတယ်ဆိုရင် ၁၀ နှစ်အကြာမှာ ဒေါ်လာ ၄၄,၅၁၆.၈၆ ရဖို့ လောလောဆယ်မှာ ငွေဘယ်လောက်ရင်းနှီးမြှုပ်နှံသင့်သလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အလွယ်ဆုံး တွက်နည်းကတော့ ကိုယ့်လက်ကိုင်ဖုန်းထဲကို ဘဏ္ဍာရေး ဂဏန်းတွက်စက် (financial calculator application) တစ်ခုခုကို download ဆွဲပြီး တွက်လိုက်တာ ဖြစ်ပါတယ်။ ဥပမာ၊ “Ez Calculators” application ကို သုံးပြီး တွက်ကြည့်ပါ့မယ်။
“Ez Calculators” ကို download လုပ်ပြီ သူ့ထဲမှာ ရှိတဲ့ “TMV Calculator” ကို ဖွင့်ပါ။အောက်ပါအတိုင်း တွေ့မြင်ရပါမည်။

TVM Calculator အသုံးပြု၍ တွက်ပုံ
လုပ်ငန်းရဲ့ အနာဂတ်တန်ဖိုးက ဒေါ်လာ ၄၄,၅၁၆.၈၆ ဖြစ်တဲ့အတွက် Future Value အကွက်ထဲမှာ ၄၄,၅၁၆.၈၆ ကိုရိုက်ထည့်ပါ။ နှစ်စဉ်အတိုးနှုန်းက ၈% ဖြစ်တဲ့အတွက် Annual Rate % အကွက်ထဲမှာ ၈ ကို ရိုက်ထည့်ပါ။
လုပ်ငန်းရဲ့ သက်တမ်းက ၁၀ နှစ်ဖြစ်တဲ့အတွက် Periods အကွက်ထဲမှာ ၁၀ ကိုရိုက်ထည့်ပါ။
ပြီးရင် ပစ္စုပ္ပန်တန်းဖိုးကို ရှာမှာ ဖြစ်တဲ့အတွက် PV ခလုပ်ကို ထိပါ။ Present Value အကွက်ထဲမှာ -၂၀,၆၁၉.၉၂ ပေါ်လာတာကို တွေ့ရပါမယ်။ ပုံကို ကြည့်ရင် တွေ့မြင်ရပါမည်။
ဒီတွက်ချက်မှုအရ ဝါရင်းရဲ့ ပင်းဘောလုပ်ငန်းဟာ ဒေါ်လာ ၂၀,၆၁၉.၉၂ တန်တယ်လို့ ပြောနိုင်ပါတယ်။
ပိုပြီးတိကျအောင် ပြောရရင် ၁၀ နှစ်အကြာမှာ ဒေါ်လာ ၄၄,၅၁၆.၈၆ ရရှိမယ့် လုပ်ငန်းတစ်ခုကို အခုချိန်မှာ ဒေါ်လာ ၂၀,၆၁၉.၉၂ နဲ့ ဝယ်ထားရင် နှစ်ထပ်တိုးနှုန်း ၈% ကို ၁၀ နှစ်ကြာ ခံစားရမှာ ဖြစ်ပါတယ်။ ဒါဟာကောင်းမွန်တဲ့ ပြန်ရနှုန်း (rate of return) ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက နှစ်စဉ်အတိုးနှုန်း ၁၀% ပေးတဲ့ ၁၀ နှစ်သက်တမ်းရှိ AAA ကော်ပိုရိတ် ငွေချေးစာချုပ်ကို ဝယ်ထားရင် ကိုယ့်ငွေပေါ်က ပြန်ရနှုန်းဟာ ပိုကောင်းမှာ ဖြစ်ပါတယ်။
ဒီကိစ္စက လုပ်ငန်းတစ်ခုကို တန်ဖိုးဖြတ်တာနဲ့ ဘာဆိုလဲလို၌ မေးစရာရှိပါတယ်။ ဆိုင်ပါတယ်။ ကိုယ့်ငွေကို ၈% အမြတ်ရတဲ့နေရာမှာ မြှုပ်နှံမလား၊ ၁၀% အမြတ်ရတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမလားလို့ မေးရင် (ရင်းနှီးမြှုပ်နှံမှု ၂ ခုရဲ့ ဆုံးရှုံးနိုင်ခြေ risk ခြင်းတူတယ်လို့ ထားပါ) ၁၀% အမြတ်ရတဲ့နေရာကိုပဲ ရွေးကြမှာ ဖြစ်ပါတယ်။

TVM Calculator အသုံးပြု၍ တွက်ချက်ပုံ
ဝါရင်းရဲ့ ပင်းဘောလုပ်ငန်းကို ဒေါ်လာ ၂၀,၆၁၉.၉၂ နဲ့ဝယ်ရင် နှစ်ထပ်တိုးနှုန်း ၈% ခံစားရမယ်ဆိုတာ ပြောခဲ့ပါတယ်။ တကယ်လို့ နှစ်ထပ်တိုးနှုန်း ၁၀% ကို ခံစားချင်ရင် ဝယ်စျေးကို လျော့ရပါမယ်။
ဝယ်စျေးအတိအကျကို Ez Calculators နဲ့ အောက်ပါအတိုင်း အလွယ်အကူ တွက်နိုင်ပါတယ်။
ဒီတွက်ချက်မှုအရ နှစ်ထပ်တိုးနှုန်း (ပြန်ရနှုန်း) ၁၀% ကို ခံစားရဖို့အတွက် ဝါရင်းရဲ့ ပင်းဘောလုပ်ငန်းကို ဒေါ်လာ ၁၇,၁၆၃.၁၈ နဲ့ ဝယ်ရပါမယ်။ ဒီစျေးနဲ့ဝယ်ထားရင် ဆယ်နှစ်အကြာမှာ အရင်း ဒေါ်လာ ၁၇,၁၆၃.၁၈ နဲ့ အမြတ် ဒေါ်လာ ၂၇,၃၅၃.၆၉ (စုစုပေါင်း ဒေါ်လာ ၄၄,၃၅၃.၈၆) ရရှိမယ်လို့ မျှော်လင့်နိုင်ပါတယ်။
ကိုယ်လိုချင်တဲ့ ပြန်ရနှုန်းအပေါ် မူတည်ပြီး ကိုယ်ပေးရမယ့် ဝယ်စျေးကို အထက်ကလို တွက်နိုင်ပါတယ်။ ဒီဝယ်စျေးထက်ပိုပေးတာဟာ လုပ်ငန်းရဲ့ အမြတ်နှုန်းဟာ အခုရှိနေတာထက် ပိုကောင်းလာမယ်လို့ စိတ်ကူယဉ်ရာ ရောက်ပါတယ်။ ဝယ်စျေးနည်းလေလေ ကိုယ့်ငွေပေါ်က ပြန်ရနှုန်း မြင့်လေလေ ဖြစ်ပါတယ်။
အခုဆိုရင် ရင်းနှီးမြှုမ်နှံမှု တစ်ခုကို ဘယ်လို ဆုံးဖြတ်၍ ဝယ်ယူသင့်ဆိုတာကို အခြေခံနားလည် သဘောပေါက်မယ်လို့ ထင်ပါတယ်။ ကျေးဇူးတင်ပါသည်။
Credit: Buffettology
Leave a comment